အမျိုးသားသွေးဌာနသည် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ ၁၄ ရုံ၌ တက်ရောက်ကုသနေသည့် လူနာများ၏ သွေးလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် လစဉ်သွေးပုလင်း ၁၇၅ဝဝ ကျော် ဖြန့်ဖြူးပေးလျက်ရှိရာမှ ဇူလိုင်လတွင် သွေးပုလင်း ၁၂ဝဝဝ ခန့်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရန်ကုန် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အပါအဝင် အစိုးရဆေးရုံ ၁၄ ရုံ၌ ဆေးကုသမှုခံယူနေကြသော လူနာများအတွက် သွေးထောက်ပံ့မှု နည်းပါးခဲ့သော်လည်း ဆေးရုံများ၏ သွေးအသုံးပြုမှု လျော့နည်းခဲ့ခြင်းကြောင့် ယခုအချိန်ထိ လူနာများ အခက်အခဲ ဖြစ်ပေါ်မှု မရှိခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ အခြေအနေကြောင့် ဧပြီလက ရန်ကုန်မြို့၌ အသွားအလာ ကန့်သတ်တားမြစ်ခဲ့ရာ အမျိုးသား သွေးဌာနသို့ အစုလိုက် လာရောက် လှူဒါန်းမှုများကိုပါ ရပ်ဆိုင်းလိုက်ရသည့်အတွက် စေတနာရှင် သွေးလှူရှင် များ၏ သွေးထောက်ပံ့နိုင်မှုမှာ များစွာ လျော့နည်းခဲ့ရကြောင်း၊ တားမြစ်မှုများ ဖြေလျှော့ပြီးနောက်ပိုင်း မေလမှ ဇူလိုင်လအထိ သွေးလှူဒါန်းသူဦးရေ ၅၁၇၁ ဦးသာရှိခဲ့ရာ ၂ဝ၁၉ ခုနှစ်က သွေးလှူဒါန်းသူဦးရေ ၁၁၉၈၄ ဦးရှိခဲ့ခြင်းကြောင့် ၆၈၁၃ ဦး လျော့နည်းခဲ့ပြီး သွေးလှူဒါန်းမှု ၅၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်မှစ၍ https://www.donatebloodmyanmar.org/booking တွင် Online Booking ပြုလုပ်နိုင်ရန် အမျိုးသားသွေးဌာနမှ စီစဉ်ဆောင်ရွက် ခဲ့သော်လည်း သွေးလှူဒါန်းရန် ဝင်ရောက်အသုံးပြုသူ ဦးရေ နည်းပါး ခဲ့ကြောင်းနှင့် အမျိုးသား သွေးဌာနအနေဖြင့် စနစ်တကျ လှူဒါန်းသည့်အဆင့်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။