ပိုးတွေ့လူနာ စုစုပေါင်း ၁ဝဝဝ ကျော်လာပြီ ၊ ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ပိုးတွေ့လူနာ ၁၁၆ ဦးထပ်တိုး

နေပြည်တော် စက်တင်ဘာ ၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက   ယနေ့ နံနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် ည ၈ နာရီတို့တွင်  COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19  ရောဂါပိုးတွေ့လူနာသစ်  ၁၁၆ ဦးထပ်မံ တွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၁၁၁၁ ဦးအထိ မြင့်တက် လာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂-၉-၂ဝ၂ဝ)ရက် အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ  ဒုတိယ အသုတ် ဓာတ်ခွဲနမူနာ  ၅၁ဝ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ  ၃၇၁ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ   ဒုတိယ အသုတ် ဓာတ်ခွဲနမူနာ  ၄၁ခု၊  ရန်ကုန်မြို့ အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်- ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂၁၅ခုနှင့်  နေပြည်တော်  အမှတ်(၂)တပ်မတော် ဆေးရုံကြီး  ခုတင်-၁ဝဝဝမှ  ဓာတ်ခွဲနမူနာ ခုနစ်ခု စုစုပေါင်း ၁၁၄၄ ခု အား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၆၃ဦး တွေ့ရှိရသည်။

(၂-၉-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁၃၅ဝ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၃၇၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ၂၃၇ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(မော်လမြိုင်)မှ    ဓာတ်ခွဲနမူနာ ၂၅၆ ခု၊   ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ  ဓာတ်ခွဲ နမူနာ ၅၁ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲ နမူနာ ၂၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်- ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂၇ ခု၊  ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ  ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊  ပြည်သူ့ဆေးရုံကြီး  လွိုင်ကော်မြို့မှ  ဓာတ်ခွဲနမူနာခြောက်ခု၊   ရန်ကုန်မြို့  အမှတ်(၁)တပ်မတော်ဆေးရုံကြီး  ခုတင်-၁ဝဝဝ မှ  ဓာတ်ခွဲနမူနာ ၂၁၅ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာခုနစ်ခု စုစုပေါင်း၂၅၅၂ ခု အား စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

(၂-၉-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးမှုများ အနေဖြင့် စုစုပေါင်း ဓာတ်ခွဲနမူနာ၂၅၅၂ ခုအား စစ်ဆေးခဲ့ပြီး COVID-19  ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ဝ  ဦး တွေ့ရှိခဲ့ရသည်။ (အဆိုပါလူနာ သစ်များ တွေ့ ရှိခဲ့မှု သတင်းများကို ထုတ်ပြန်ကြေညာပြီးဖြစ်သည်။)

အဆိုပါလူနာများ၏ အချက်အလက် များအား ပူးတွဲပါ ဇယားများဖြင့်  ဖော်ပြအပ်ပါသည်။

(၃-၉-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL)မှ ပထမ အသုတ်ဓာတ်ခွဲနမူနာ ၅၃၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၁၈၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ  ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ ဆေး ရုံကြီး စစ်တွေမြို့မှ  ဓာတ်ခွဲနမူနာ ၁၅၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ  ဓာတ်ခွဲ နမူနာ ကိုးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ခု၊  ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲ နမူနာ  တစ်ခုနှင့် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခုတို့အား ယနေ့ညနေတွင် စစ်ဆေး ပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၃ ဦးတွေ့ရှိရသည်။

(၃-၉-၂ဝ၂ဝ)ရက် ည ၈နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၁၁၁ ဦးရှိပြီ ဖြစ်သည်။  ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်  နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၅၉ ဦး ရှိသည်။ ၎င်းတို့ အနက် ၃၅၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။

ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦး ရှိသည်။

(၂-၉-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၃-၉-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ် ၈၂ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။