သြဇာပိုမို ကြီးထွားလာသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်

၁၉၆၀ ပြည့်နှစ်မှ စတင်ဖွံ့ဖြိုးခဲ့သော ဆော်ဒီအာရေဗျနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ ပဲ့ကိုင်ရှင်အဖြစ် ၂၀၀၀ ပြည့်နှစ်အကျော်တွင်  ရောက်လာကာ  ယခု အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများစွာကိုပင်   ဦးဆောင်နေပြီဖြစ်သည်။  အရှေ့အလယ်ပိုင်းဒေသ၌ ဆော်ဒီ၏အခန်းကဏ္ဍကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သူက လက်ရှိ ဆော်ဒီဘုရင် မိုဟာမက်ဆယ်မန်၏သား မိုဟာမက်ဘင်ဆယ်မန် ဖြစ်သည်။

ဘင်ဆယ်မန်သည် အသက် ၃၅ နှစ်သာရှိပြီး  ၂၀၁၇  ခုနှစ်က တရားဝင်အိမ်ရှေ့မင်းသားရာထူးအပ်နှင်းခြင်း ခံခဲ့ရကာ ကာကွယ်ရေးဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူထားသည်။ ၎င်းသည် ခေတ်ပညာတတ်  လူငယ်များကို  နေရာပေးခြင်းနှင့် အမျိုးသမီးများ မဲပေးခွင့်ရရေး အပါအဝင် ရှေးရိုးစွဲ  နိုင်ငံတစ်နိုင်ငံ  ပြုပြင်ပြောင်းလဲရေးကို များစွာပြုလုပ်နေသူ ဖြစ်သည်။

နိုင်ငံ၏အဓိက မှီခိုနေရသည့်   ရေနံကဏ္ဍကိုပစ်ပယ်ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင်  ၅၀ ရာခိုင်နှုန်းသာ  မှီခိုမည့်  စီးပွားရေး စီမံကိန်းများအပြင် ၎င်း၏နိုင်ငံ၌  ရုပ်ကြွင်းရေနံလောင်စာသုံးစွမ်းအင်ထက် ပြန်လည်ပြည့်ဖြိုးမြဲနေစွမ်းအင်ကို  အသုံးပြုရန်    စိတ်အားထက်သန်နေသူဖြစ်သည်။ ယခု ဘင်ဆယ်မန်၏ ရည်မှန်းချက်က အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီဟုဆိုနိုင်ကာ ဆော်ဒီ၏ တချို့နေရာများ၌ သောက်သုံးရေကိုပင် ရေငွေ့စုပ်စက်များဖြင့် ပေါင်းခံကာ နေရောင်ခြည်စွမ်းအင်သုံးပြီး ရာနှုန်းပြည့် အသုံးချနိုင်ပြီဖြစ်သည်။

နိုင်ငံခြားဆက်ဆံရေး တွင်လည်း အဓိကမဟာမိတ်  အမေရိကန်နှင့်  ကောင်းမွန် သည့်ဆက်ဆံရေးကို ထူထောင်ထားနိုင်ပြီး ဥရောပသမဂ္ဂနှင့်လည်း လမ်းကြောင်းများစွာ ဖွင့်ပေးထားနိုင်သူဖြစ်သည်။ ထို့ကြောင့် ဘင်ဆယ်မန်ကို ဆော်ဒီ၏ အကောင်းမွန်ဆုံးလမ်းကြောင်းပေါ် လျှောက်လှမ်းမည့် သူအဖြစ် အများစုက မှတ်ချက်ပေးခဲ့ကြကာ အရှေ့အလယ်ပိုင်း ဒေသကို လွှမ်းမိုးရေးသြဇာတွင်လည်း   ပိုမိုလျင်မြန်စွာ ခရီးရောက်ခဲ့သည်။

တစ်ချိန်က အရှေ့အလယ်ပိုင်းဒေသ ၌  ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး  စစ်တိုက်ခဲ့သူများက အမေရိကန်တို့ဖြစ်သည်။ ယခု အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတချို့ကို  ဆော်ဒီက ဦးဆောင်ပြီး လက်လွှဲရယူ လိုက်ပြီဖြစ်ကာ   ဆော်ဒီ၏ အဓိကမဟာမိတ်က အာရပ်စော်ဘွားများ ပြည်ထောင်စုဖြစ်သည်။  လက်ရှိပြည်တွင်းစစ်များ ဖြစ်နေသည့် ယီမင်နှင့် လစ်ဗျားတို့၌ မြေပြင်နှင့်  ဝေဟင်တပ်များကိုပင်  ထဲထဲဝင်ဝင် ပါဝင်ပတ်သက်စေပြီး အဝေးရောက်လွှမ်းမိုးနိုင်မှုသြဇာကို ချဲ့ထွင်လာကာ ဆော်ဒီကို  အကောင်းဆုံးပုံသွင်းပေးမည်ဟု  ၎င်းင်း၏ဖခင်ဘုရင်ဆယ်မန်၏ယုံကြည်မှုကိုလည်း   ခိုင်မာစွာ ရယူထားနိုင်သူ ဖြစ်သည်။

သို့သော် တစ်ဖက်တွင် ဘင်ဆယ်မန်၏   လုပ်ရပ်များက  ထင်ထားသည်ထက်ပင်   ပိုမိုမြန်ဆန်များပြားလာကာ မကျေနပ်သူများကို သူလျှိုအေးဂျင့်များ လွှတ်ပြီး နိုင်ငံရပ်ခြားအထိ လုပ်ကြံသတ်ဖြတ်နိုင်သည့် သြဇာရှိလာသည်။ ၎င်းင်းသည် အာဏာစတင်ရရှိကတည်းက အိမ်ရှေ့မင်းသားဟောင်းနှင့်   မင်းညီမင်းသားများစွာကို ကြယ်ငါးပွင့်အဆင့်ရှိ  ဟိုတယ်၌ ဖမ်းဆီးထိန်းသိမ်းပြီး ရာထူးချသူကိုချ၊ တချို့ကို ပြည်နှင်ဒဏ်ပေးသည့် သူပေးနှင့် ပြတ်သားစွာ စတင်ကိုင်တွယ်ခဲ့သည်။ ထိုအထဲတွင် အမေရိကန် ဒေါ်လာဘီလီယံချီချမ်းသာသော ၎င်း၏ဦးရီးတော်များအပြင် ရဲချုပ်ရာထူးယူထားသော   ထိပ်သီးပိုင်းပုဂ္ဂိုလ်များအထိ ပါဝင်ကာ ဘင်ဆယ်မန်၏ အကြောင်းပြချက်က ဘုရင့်ဆွေတော်မျိုးတော် အသိုင်းအဝိုင်းကြား အမြစ်တွယ်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြစ်သည်။   ဆော်ဒီ၌ မင်းညီမင်းသားပေါင်း ၁၅၀၀၀ ခန့်အထိ ရှိကာ ထိုအထဲမှ ၂၀၀၀ ခန့်က ချမ်းသာပြီး ရာထူးအာဏာ အကြီးဆုံးရထားသူများ ဖြစ်ကာ တိုင်းပြည်ကို အဓိကကြိုးကိုင်နေသူများ ဖြစ်သည်။

သို့သော် ထိုမင်းညီမင်းသားအားလုံး ယခုကြောက်လန့်နေရသည်က ဘင်ဆယ်မန်ဖြစ်သည်။ ဘင်ဆယ်မန်က ၎င်း၏ ဦးရီးတော်စပ်သူ ထောက်လှမ်းရေးထိပ်တန်း အရာရှိဟောင်း   အယ်လ်ဂျာဘရီကိုပင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစား ခဲ့ကာ ယခုအယ်လ်ဂျာဘရီက    ပြည်ပြေးဘဝဖြင့် ကနေဒါနိုင်ငံ၌ ခိုလှုံနေရသည်။

၂၀၁၈  ခုနှစ်က  ၎င်းကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုဖြင့် အယ်လ်ဂျာဘရီက အမေရိကန်၌  ဘင်ဆယ်မန်ကို တရားစွဲ ခဲ့သော်လည်း အမေရိကန်တို့က ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်မည်စိုးသောကြောင့် မည်သည့်အသံမျှ ကျယ်လောင်စွာ ထွက်မလာခဲ့ပေ။  အယ်လ်ဂျာဘရီဆိုသည်မှာ လက်ရှိ ဘုရင်ဆယ်မန်၏ ညီအစ်ကိုတော်စပ်သူ အိမ်ရှေ့မင်းသားဟောင်း ဘင်နာရစ်၏ အပါးတော်မြဲဖြစ်ပြီး အိမ်ရှေ့မင်းသားရာထူးမှ ဘုရင်ဆယ်မန်က ဖြုတ်ချပြီးချိန် ကျန်ခဲ့သည့် သစ္စာအရှိဆုံး လူယုံတော်ဖြစ်သည်။

ဘုရင်ဆယ်မန်က ၎င်းင်း၏ညီတော် ဘင်နာရစ်ကို အိမ်ရှေ့မင်းသားနှင့် ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖြုတ်ချကာ ၂၀၁၇ ခုနှစ် က ၎င်း၏သားဘင်ဆယ်မန်ကို အိမ်ရှေ့မင်းသားသစ်နှင့်   ကာကွယ်ရေးဝန်ကြီး ရာထူးအပ်နှင်းခဲ့ခြင်းက ဆော်ဒီသမိုင်းတွင်  ယခုတစ်ချိန်သာရှိခဲ့သည်။ အိမ်ရှေ့မင်းသားအဖြစ် ဘင်ဆယ်မန်တက်လာပြီး    သုံးနှစ်အတွင်းမှာပင်   ဆော်ဒီ၏ အရှေ့အလယ်ပိုင်းဒေသ လွှမ်းမိုးမှုသြဇာနှင့် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများက ကမ္ဘာ့စင်မြင့်ထက်တွင် ရုပ်လုံးပေါ်လာကာ စက်တင်ဘာ ၁ ရက်ကလည်း   နောက်ထပ်မင်းသားများကို ဘုရင်ဆယ်မန်က ရာထူးမှ အနားပေးလိုက်ပြန်သည်။

ယီမင်၌  လက်ရှိညွန့်ပေါင်း မဟာမိတ်တပ်ဖွဲ့ကို    ဦးဆောင်နေသည့်မင်းသား အဗ္ဗဒူလာဇစ်အယ်လ်ဆော်နှင့် ၎င်း၏သား အလယ်ဂျိုရော့ဖ်၊ ဒေသဒုတိယအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူ မင်းသားအဗ္ဗဒူလာဖာ့ဒ်ကို ရာထူးမှ ရပ်ဆိုင်းလိုက်ကာ    တခြားစစ်ဘက်ရေးရာ ထိပ်တန်း အရာရှိလေးဦးကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်။

သြဂုတ်လ တစ်လတည်းတွင်ပင် ဘင်ဆယ်မန်ဖယ်ရှားခဲ့သည့် အိမ်ရှေ့မင်းသားနှင့် အရာရှိပေါင်း ၃၀၀ နှင့် အထက်ရှိကာ    ကာကွယ်ရေးဌာန၌ တရားမဝင်ငွေကြေးလွှဲပြောင်းမှုများ တွေ့ရှိခဲ့သောကြောင့်ဟု ဆိုသည်။ လက်ရှိဆော်ဒီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဦးဆောင်နေသူမှာလည်း   ဘင်ဆယ်မန်ပင်ဖြစ်ကာ ဆော်ဒီကိုလိုသလို ပုံသွင်းနိုင်သည့် ပိုမိုကြီးမားသော သြဇာများကိုလည်း  လက်ဝယ်ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သြဇာကြီးထွားလာသော ဘင်ဆယ်မန်က အိမ်ရှေ့မင်းသားရာထူးအား ခြိမ်းခြောက်လာသူ အားလုံးကို    ဖယ်ရှားနေသည်ဟု အနောက်တိုင်းမီဒီယာတို့က   ဝေဖန်ထားကာ ၎င်းကိုယ်တိုင်ဖြုတ် မရသည့်သူများကိုလည်း  ဘုရင်ဆယ်မန်၏ သြဇာကိုသုံးပြီး ရာထူးမှ ဖြုတ်နေခြင်း ဖြစ်သည်။  ၂၀၁၈ ခုနှစ်က  သတင်းထောက်  ခါရှော့ဂျီကို တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းက ဆော်ဒီမင်းသား၏  သြဇာဖြစ်ကာ ယခု ထိုထက်ပိုသည့် သြဇာများကိုပင် ဘင်ဆယ်မန်က ပိုင်ဆိုင်ထားပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။             

Ref;BBC