COVID-19 ရောဂါကို ကာကွယ်ပေးနိုင်သည့် အချဉ် အရသာရှိသော အစားအစာများ

''ချဉ်တယ်၊ ချဉ်လိုက်တာ''ဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူအများစု၏ ခံတွင်းထဲမှာ သူ့အလိုအလျောက် တံတွေးအနည်းငယ် ထွက်လာတတ်ကြသလို မျက်စိမှိတ်တုတ်မှိတ်တုတ် ဖြစ်လာလေ့ရှိပါတယ်။

အချဉ်အရသာကို ဆေးသိပ္ပံနည်းအရ သရုပ်ဖော်ကြည့်မည်ဆိုပါက  solid ခေါ်  အစိုင်အခဲဓာတ်နှင့် fire ခေါ် အပူဒြပ်စင်တို့ ပေါင်းစပ်ထားကြပါတယ်။ တစ်နည်းအားဖြင့်ဆိုသော်  အချဉ်ဓာတ်ဟာ  မြေကြီးဒြပ်စင် တစ်မျိုးပါပဲ။

အချဉ်အရသာမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ

အချဉ်ဓာတ်ဟာ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား ရုံသာမက အသည်းနှင့် ဆီးအိမ်ကို ကျန်းမာစေတဲ့အပြင် မိမိစားသုံးလိုက်သော အစားအသောက်များထဲရှိ သတ္တုဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်၏ တစ်သျှူးများကို သန့်စင်ပေးပါတယ်။ ၎င်းဖြစ်စဉ်က COVID-19 ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုးများကို ခုခံတိုက်ခိုက် ပေးနေပါတယ်။ သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်တော်သီး၊ ဒိန်ချဉ်၊ ချဉ်သောကရင်မ်၊ ပဲငပိအချဉ်ရည်၊ ရှလကာရည် စတဲ့ အချဉ်အရသာကို စားသုံးခြင်းဖြင့် လူသားတို့၏ခန္ဓာကိုယ်နှင့် စိတ်အာရုံတွင် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ  အောက်ပါအတိုင်းဖြစ်ပါတယ်။

-သွားရည်ယိုလာတာကြောင့် ခံတွင်းခြောက်သွေ့ခြင်းကို မဖြစ်စေတော့ပါဘူး။

-တံတွေးထွက်လာတာကြောင့်   ပါးစပ်နှင့်ခံတွင်းတို့၏ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ အလုပ်လုပ်စေပါတယ်။ (အထူးသဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ခံတွင်းနှင့် အာခေါင်ထဲသို့ ဝင်ရောက်ပျံ့နှံ့လာသော ကိုရိုနာဗိုင်းရပ်ပိုးများ အပြင် ရာသီတုပ်ကွေး H1N1 ပိုးတို့ကိုပါ ရှင်းလင်း သုတ်သင်ပေးနိုင်ပါတယ်)

-ချွေးထွက်စေပါတယ်။

-သွားအခေါင်းပေါက်တွေကို သန့်စင်စေပါတယ်။

-အချဉ်အရသာကိုမျိုချလိုက်တဲ့အခါ  ခံတွင်းနဲ့ လည်ချောင်းတစ်လျှောက် ပူနွေးစိုစွတ် စေပါတယ်။

-လျှာကိုနိုးကြား တက်ကြွလာစေပါတယ်။

-ခံတွင်းမြိန်နှုတ်မြိန်စေပါတယ်။

-အအီပြေစေပါတယ်။

-စိတ်ကိုသက်သောင့်သက်သာဖြစ်လာနိုင်ပါတယ်။

-အရသာခံအာရုံကိုတိုးတက်လာစေပါတယ်။

-အစာကြေညက်စေပါတယ်။

-ခန္ဓာကိုယ်တွင်းကလီစာများကို ခြောက်သွေ့ခြင်းမဖြစ်စေတော့ပါဘူး။

-နှလုံးကျန်းမာစေပါတယ်။

-အရိုးအားကောင်းစေပါတယ်။

-သွေးယိုစီးခြင်းမှ ကာကွယ်ပေးပါတယ်။

-ဆီးရွှင်စေပါတယ်။

-အာဟာရဖြစ်စေပါတယ်။

ရှောက်သီး၊ သံပရာသီးများနှင့် အာဟာရတန်ဖိုး

အထူးသဖြင့် ဆစ်ထရစ်အက်စစ်ကြွယ်ဝတဲ့ သံပရာသီးနဲ့ရှောက်သီးတို့ဟာ ခန္ဓာကိုယ် အလေးချိန်ကို ကျစေခြင်း၊အသားအရေကြည်လင်စေခြင်း၊ မျက်စိကောင်းခြင်း၊အစာမြန်မြန်ကြေညက်စေကာ ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးနိုင်ခြင်းဖြင့် ကောင်းကျိုးပြုပါတယ်

ထို့ပြင်  အသက်ရှူလမ်းကြောင်းကို  သက်သောင့်သက်သာဖြစ်စေ၍ COVID-19ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုး အပါအဝင် ရာသီဖျားနာ ကူးစက်ရောဂါပိုးများ အန္တရာယ်မှ   ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ယင်းအချဉ်သီးများက ဆီးရောဂါ အမျိုးမျိုးနှင့် အသားအရေ ပြဿနာဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒိန်ချဉ်နှင့်အာဟာရတန်ဖိုး

ဒိန်ချဉ်ကို များသောအားဖြင့်  နွားနို့  သို့မဟုတ် ကျွဲနို့ဖြင့်   ပြုလုပ်လေ့ရှိကြပါတယ်။   ဒိန်ချဉ်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသည့်အပြင် probioticခေါ် ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများ ပါရှိ၍ နေ့စဉ်ဒိန်ချဉ် ၁ဝဝ ဂရမ်သောက်သုံးပေးခြင်း ဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက် ကောင်းမွန်စေခြင်း၊ အဆီနည်းသော ဒိန်ချဉ်သောက်သုံးပေးခြင်းဖြင့် အဆစ်အမျက်ရောင် ရောဂါနှင့် ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊    အမျိုးသမီးများ ယောနိကို သန့်စင်ပေးပြီး  ယောနိအင်္ဂါမှိုစွဲခြင်း သို့မဟုတ် အဖြူဆင်း၍ ယားယံခြင်းမှ ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင်မှု ဝေဒနာများ သက်သာစေခြင်း၊  ပဋိသန္ဓေတားဆေး မှီဝဲသော အမျိုးသမီးများ ဟော်မုန်းထွက်ရှိမှု မျှတစေခြင်း၊  ဒိန်ချဉ်ထဲရှိ  လက်တစ်အက်စစ်ဟာခံတွင်းထဲရှိ ဗက်တီးရီးယားပိုးမွှားများကို သေစေ၍ ခံတွင်းရနံ့ဆိုးများ ပြေပျောက်စေသည့် အပြင် သွားနှင့်သွားဖုံးတို့ကို ကျန်းမာစေခြင်း၊ အသက်သုံးနှစ်အရွယ်ကလေးငယ်များကို ဒိန်ချဉ်တိုက်ကျွေးခြင်းဖြင့် သွားများပေါ်တွင်  အလွှာတစ်ထပ် ဖုံးစေကာ    သွားပိုးစားမှု သက်သာ၍ ခိုင်ခံ့လာစေခြင်း စသည်ဖြင့် ကောင်းကျိုး  ပြုပါတယ်။

ဒါ့အပြင် အစာအိမ်နှင့်အူကို ကောင်းကျိုးပြုစေ၍ COVID-19  ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုးများသာမက   ရာသီဖျားနာ တုပ်ကွေးဖြစ်စေသော ကူးစက် ဗိုင်းရပ်ကြောင့်ဖြစ်တတ်သော      ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ဝမ်းသွားခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။    ဒါကြောင့်     ဒိန်ချဉ်ဟာ အရွယ်သုံးပါးမရွေး ကောင်းကျိုးပြုနိုင်တာကြောင့် ကမ္ဘာ့အကောင်းဆုံး အစားအစာ ၁ဝ မျိုးစာရင်းထဲတွင် ဒိန်ချဉ်လည်း  တစ်ခုအပါအဝင် ဖြစ်ကြောင်း WHO Foods မှ အကြံပြုထားပါတယ်။

ရှလကာရည်နှင့် အာဟာရတန်ဖိုး

ထမင်းမစားခင် ရှလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ပုံမှန်သောက်ပေးသင့်ပါတယ်။   ရှလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရှလကာရည်ထဲရှိ သဘာဝ ဗီတာမင်၊   သတ္တုဓာတ်နဲ့    အင်ဇိုင်းဓာတ်တွေက သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို  အကူအညီ ပေးပါတယ်။

အစာစားတိုင်း ရှလကာရည် ထည့်စားပေးခြင်းဖြင့် အစာကြေညက်လွယ်သလို နာတာရှည် ရင်ပူတဲ့ဝေဒနာကိုလည်း သက်သာစေပါတယ်။

ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍  ဖန်ပုလင်းထဲ ထည့်ကာ ရှလကာရည်မြုပ်အောင် တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပြီးနောက် ထမင်းစားသည့်အခါတိုင်း  ၎င်းကြက်သွန်နီကို ထည့်စားပေးခြင်းဖြင့် COVID-19 ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုးများနှင့်     သွေးလွန်တုပ်ကွေး ရောဂါကိုဖြစ်စေသော Dengue Virus ပိုးများ အန္တရာယ်ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

ဒါ့အပြင်  ငါးဟင်းစားပြီး  ငါးရိုးစူးတဲ့အခါမှာ ရှလကာရည် တစ်ပန်းကန်(အကြမ်းပန်းကန်) တစ်လုံးစာ သောက်ချပေးနိုင်ပါတယ်။   ဗောက်ထ၍   ယားယံသော ဦးရေပြား အတွက်ကိုလည်း ရှလကာရည်နဲ့ ရေအေးတို့ဆတူရော၍   ဦးရေပြားအနှံ့ နှိပ်နယ် လိမ်းကျံပြီး မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းချပြီးနောက် ပုံမှန်သုံးနေကျ Shampoo ဖြင့် စင်အောင် လျှော်ပေးသင့်ပါတယ်။

အချဉ်လွန်ကဲခြင်း၏အပြစ်များ

အထက်ဖော်ပြပါ အချဉ်အရသာရှိသော   အစားအစာများအပြင် ကီဝီသီး၊ မာလကာသီး၊ ချဉ်သော လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းငရုတ်ပွ၊ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင် ပဲအမျိုးမျိုးတို့မှာလည်းဗီတာမင်စီဓာတ်ကို   လုံလောက်စွာ ရရှိနိုင်ပါတယ်။

သို့သော် အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ပမာဏမှာ ၄၅ မီလီဂရမ်မှ ၆ဝ မီလီဂရမ်ဖြစ်ပါတယ်။ အကယ်၍ လိုအပ်ချက် ပမာဏထက်ပို၍   အချဉ်ဓာတ်(ဗီတာမင်စီ)ကို ပို၍စားသုံးမိပါက ကျောက်ကပ်ကို ထိခိုက်စေခြင်း၊ အမျိုးသားများမှာ   အရည်အသွေးညံ့သော သုက်ပိုးကောင် သုက်ရည်ထွက်ရှိခြင်း၊     အသည်းကိုလွန်စွာ အလုပ်လုပ်စေတာကြောင့် အသည်းကို ထိခိုက်လာခြင်း၊ ရေငတ်ခြင်း၊ ရင်ပူခြင်းတွေဖြစ်စေနိုင်၍ အချဉ်ဓာတ်ကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

လူနာနှင့် အချဉ်အစားအစာများ

ထိခိုက်ဒဏ်ရာရ၍    အနာချုပ်ထားရသူများ၊ ခွဲစိတ်ခံထားရသူများ၊ ပြည်တစိုစိုနှင့် အနာပေါက်နေသူများ အပါအဝင် အရိုးပျော့ရောဂါ၊ သွေးအားနည်းရောဂါ စတဲ့ ဝေဒနာသည်များကို အနာမြန်မြန်ကျက်စေရန်သော် လည်းကောင်း၊ သွေးထဲရှိ ကိုယ်ခံစွမ်းရည်     သတ္တိကိုမြှင့်ခြင်းဖြင့် ဝေဒနာ မြန်မြန် ပျောက်ကင်းအောင်သော် လည်းကောင်း    ရည်ရွယ်၍   ဆရာဝန်များက ''အချဉ်များများစားပါ''ဟု ညွှန်ကြားလေ့ ရှိပါတယ်။

အချဉ်ဆိုသည်မှာ ရှောက်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဆီးဖြူသီး၊ ဆီးသီး၊ သရက်သီး   စသဖြင့် အမျိုးမျိုးရှိကြရာ   ရာသီမရွေး အလွယ်တကူ ရရှိနိုင်သော အချဉ်သီးကတော့ ရှောက်သီးနဲ့  သံပရာသီး တို့ဖြစ်ကြတယ်။   ထိုနည်းတူစွာပင် ဆရာဝန်တွေ အများဆုံး ရည်ညွှန်းပြောကြားလေ့ရှိသော အချဉ်ဆိုသည်မှာလည်း ရှောက်သီးနဲ့ သံပရာသီးတို့ဖြစ်ပါတယ်။

လူနာတွေကြောက်ကြသည်မှာ     ''အနာရှိသူများ အချဉ်စားလျှင် မေးခိုင်လိမ့်မယ်''၊ ''ဖျားနေသူများ အချဉ်စားလျှင် ငန်းဝင်မယ်''၊  ''အင်္ဂလိပ်ဆေးစားထားလျှင်  တစ်နေ့တာလုံး အချဉ်မစားနဲ့''ဟူ၍   လူနာ ၁ဝဝ တွင်  ပျမ်းမျှ ၉ဝ ခန့်က  ဤသို့ပြောနေကြတာကို ကြားသိရပါလိမ့်မယ်။     သို့တည်းမဟုတ် သင်(စာဖတ်သူ) ကိုယ်တိုင် ထင်မြင်ယူဆ နေပါလိ့မ်မယ်။

ထိုကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သောအနှစ်  ၂ဝ  ခန့်က နိုင်ငံတကာ ကျန်းမာရေး သုတေသီများ၏ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ အနာပေါက်စဉ် အချဉ်စားလျှင်   အနာမြန်မြန် ကျက်လွယ်ကြောင်း၊   ခွဲစိတ်ခံထားရသူများ    အချဉ်စားလျှင်    ချုပ်ရိုးမြန်မြန် ကျက်စေကြောင်း၊ ဖျားနာနေစဉ် (အပူဒီဂရီ မည်မျှပင် ရှိစေကာမူ) အချဉ်စားလျှင်  ကိုယ်ခံစွမ်းရည်သတ္တိ မြင့်မားလာပြီး  မြန်မြန်အဖျား ပျောက်စေကြောင်း၊ အရိုးပျော့ရောဂါ မဖြစ်စေရန်၊ သွားများ ခိုင်ခံ့စေရန်နှင့် သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ ရင်တုန်၍  မောပန်းလွယ်သော ရောဂါများမှ ကင်းဝေးလိုလျှင် အချဉ်ဖျော်ရည် သို့မဟုတ် အသီး တစ်မျိုးမျိုးကို နေ့စဉ်မှီဝဲသင့်ကြောင်း အဖြေထွက်ရှိ ခဲ့ပါတယ်။

သို့သော် အထူးသတိပြုရန်မှာ ဆစ်ထရစ် အက်စစ်ခေါ် အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေကို မည်သည့် ရောဂါကြောင့်ဖြစ်စေ အင်္ဂလိပ်ဆေး၊ ပဋိဇီဝဆေးများ သောက်ပြီးပြီးချင်း  သို့မဟုတ်  ဆေးထိုးပြီးပြီးချင်း ချက်ချင်းမစားသင့်ပါဘူး။ ဆေးထိုးဆေးသောက်ပြီး အနည်းဆုံး တစ်နာရီကျော်ကြာမှသာလျှင်    အချဉ်အရသာရှိသော အစားအစာတွေကို စားသောက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးများကို သောက်တဲ့အခါ ဗီတာမင်စီ ဆေးပြားနှင့် တွဲ၍ မသောက်သင့်ပါဘူး။ ထိုနည်းတူ အချဉ်အရသာ ရှိသော ဖျော်ရည်များဖြင့်လည်း ရော၍ မသောက်သင့်ပါဘူး။

အဘယ်ကြောင့်ဆိုသော် အကိုက်အခဲပျောက်ဆေးထဲတွင် ပါရှိနေသော အက်စစ်တစ်မျိုးနှင့် ဗီတာမင်စီဓာတ်တို့၏   ပေါင်းစပ်မှု ဓာတ်သတ္တိအရှိန်ကြောင့် နုနယ်သော အစာအိမ်၏ နံရံကိုတိုက်စားသွားပြီးနောက် သွေးများ ယိုစိမ့် ထွက်လာတတ်ကာ သွေးမတိတ်ပါက သွေးလန့်ပြီး သေစေနိုင်ပါတယ်။ ထို့ကြောင့် အသက် အန္တရာယ် ကင်းစေရန်အတွက် အချဉ်စားပြီးနောက် အချိန်နှစ်နာရီခန့်ခွာ၍   အကိုက်အခဲပျောက်ဆေး မှီဝဲသင့်ပါကြောင်း အကြံပြု လိုက်ရပါတယ်။   ။

ပေါက်ပေါက်