ပြင်ဦးလွင်မြို့ရှိ ဂဲလောင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြို့တွင်း ရေလျှံမှုမရှိစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ -

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်မှု မရှိစေရေး၊ မြို့တွင်းရေမြောင်းများ ရေလျှံမှုမရှိစေရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် မြို့နေလူထု ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပြင်ဦးလွင်မြို့ရှိ ဂဲလောင်ချောင်း စီးဆင်းရာ တစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဂဲလောင်ချောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များနှင့် နုံးများဆယ်ယူခြင်း၊ မြောင်းချဲ့ထွင်ခြင်း၊ ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် အမှိုက်များကို အမှိုက်သယ်ယာဉ်များဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဂဲလောင်ချောင်းသည် ရေနုတ်မြောင်းကြီး ချောင်းအမျိုးအစားဖြစ်ပြီး ကန်တော်လေးရေကန်မှ စတင်စီးဆင်းလာပြီး ပြင်ဦးလွင်မြို့ကိုဖြတ်၍ ပွဲကောက်ချောင်းအတွင်း စီးဝင်သည့် ၂ မိုင်ခွဲခန့် အရှည်ရှိသော ချောင်းဖြစ်ကြောင်း သတင်းရရှိသည်။