ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ -

  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ကွမ်းအဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ မဟာဝိတ္တသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကာလိမြို့၊ ဟိုပန်ကျေးရွာဘုန်းတော်ကြီး ကျောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အေးမြသာယာ ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ၊ ဓမ္မရံသီတပ်ဦးကျောင်းတိုက်နှင့် ကျွန်းစုမြို့၊ အေးငြိမ်းသုခဓမ္မ ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ကမ္ဘားနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးမြို့နယ်၊ သဲကျောကျေးရွာ၊ အောင်တိက္ခမ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့နယ်၊ တီတွဒ်ကျေးရွာ၊ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ ပေါင်းတည်မြို့နယ်၊ သဲမဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ၊ အောင်သပြေ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထို့အပြင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

    ယနေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကလောမြို့၊ ဟဲဟိုးမြို့၊ ပင်းလောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊  ဗထူးတပ်မြို့၊ ကာလိမြို့၊ နမ့်စန်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုင်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊  ဖားဆောင်းမြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များကို COVID-19   ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။