လက်တွဲညီညီရှေ့သို့ချီ ယုံကြည်တည့်မတ်အနာဂတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ တိုင်းရင်းသား မျိုးနွယ်စုအားလုံးသည် ရှေးနှစ်ပေါင်းထောင်ချီမှစ၍ ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့သည့်အတွက် စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ခိုင်ခံ့ခဲ့သည်။ တိုင်းရင်းသား ညီအစ် ကိုများ ညီညွတ်စွာထူထောင်ခဲ့ကြသည့် အတွက် ယနေ့အချိန်ထိ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟု အဓွန့်ရှည်တည်တံ့နေခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသည့်အတွက် ''ငါတို့ အားလုံးသည် မြန်မာဖြစ်သည်''ဟူသော   စိတ်ထား မွေးကြရမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း(၁)၊ ပုဒ်မ(၂)တွင် ''နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင် ရမည်''ဟု ပြဋ္ဌာန်းထားရာ သုံးနှုန်းထားသည့် ''မြန်မာ''ဝေါဟာရသည် တိုင်းရင်းသား လူမျိုးများ အားလုံးကို ခြုံငုံခေါ်ဝေါ်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအားလုံး  နှစ်ပေါင်းများစွာ အတူတကွယှဉ်တွဲနေထိုင်လာခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အမည်များ သတ်မှတ်ပေးထားသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံးမှာ နေရာအနှံ့ပျံ့နှံ့ရောနှောနေထိုင်ကြ လျက်ရှိသည်။  ထို့ကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားအရေးကို ထည့်သွင်းစဉ်း စားရေးဆွဲထားခြင်းဖြစ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် နယ်မြေအတွင်းသတ်မှတ်ထားသော လူဦးရေအရေအတွက်အရ တိုင်းရင်း သားများအတွက် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်နေရာရရှိမည်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရ အဖွဲ့တွင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးတာဝန်ကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်''မြန်မာ''ဝေါဟာရမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးအတွက် ရည်ညွှန်း ထားခြင်းဖြစ်ပြီး ''ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း'' စသည့် ဝေါဟာရ မှာ သက်ဆိုင်ရာတိုင်းရင်းသားများအတွက် ရည်ညွှန်းခေါ်ဆိုထားခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ပြီး သွေးခွဲမှုကိုခံခဲ့ကြရကာတောင်တန်းနှင့် ပြည်မဟူသော ကွဲပြားခြင်းနှင့် အတူ စိတ်ဓာတ်များလည်း ကွဲပြားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး လွတ်လပ်ရေး တောင်းဆိုသည့်အချိန်တွင်  တောင်တန်း၊  ပြည်မတစ်သားတည်း လွတ်လပ်ရေးရယူနိုင်ရေးကို ကြိုးပမ်းခဲ့ပြီး  ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်တွင်  ပင်လုံစိတ်ဓာတ်(ပြည်ထောင်စုစိတ်ဓာတ်)ကို တညီတညွတ် တည်းအတည်ပြုပြဋ္ဌာန်းသည့် ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံစာချုပ်မှတစ်ဆင့် လွတ်လပ်ရေးရရန်သေချာနေပြီဖြစ်သော်လည်း ထိုအချိန်၌ နိုင်ငံ၏ အနာဂတ်အတွက် ဝိုင်းဝန်းလုပ်ဆောင်ရမည့်အစား နိုင်ငံရေးအင်အားစုများအဖြစ် အစိတ်စိတ် အမြွှာမြွှာကွဲနေခဲ့သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဖဆပလအဖွဲ့ကြီးမှကြီးမှူး၍ ၁၉၄၇ ခုနှစ်၊ဧပြီလ ၉ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းရန် ကြိုးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်များရုံး အဆောက်အအုံ အစည်းအဝေးခန်းမတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးဝန်ကြီးများပါဝင်သည့် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင်တစ်စု၏ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရသည်။

ဦးနုနှင့် ဖဆပလအဖွဲ့ချုပ်သည် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၆ ရက်အထိကျင်းပပြီးဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ အတည်ပြုရေးနှင့် လွတ်လပ်ရေးကိစ္စများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် စဝ်ရွှေသိုက်ကို ယာယီသမ္မတအဖြစ်တင်မြှောက်ပြီး အခြေခံဥပဒေကိုအတည်ပြုခဲ့သည်။ ထိုခေတ် အခါကပင်  တိုင်းရင်းသားများအားလုံး ''တန်းတူအခွင့်အရေး''၊ ''တိုင်းရင်းသားအခွင့်အရေး''ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းပုဂ္ဂိုလ်များသည် သတ်မှတ်ထားသည့် အရည်အချင်းနှင့်ကိုက်ညီခြင်း၊ ၄င်းတို့၏ ရိုးသားမှု၊ကြိုးစားမှု အပေါ်မူတည်၍ နိုင်ငံတော်၏ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခွင့်ရရှိသော  တန်းတူအခွင့်အရေးပင်ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ဖက်ဒရယ်ဟူသော ဝေါဟာရစကားစုမွေးဖွား လာခဲ့သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ရသော်လည်း နယ်ချဲ့တို့ ထားရစ်ခဲ့သော အမွေဆိုးများ၏ ခါးသီးမှုဒဏ်များကို ယနေ့တိုင်ခံစားနေရဆဲဖြစ်သည်။ အင်္ဂလိပ်တို့ သည် မြန်မာနိုင်ငံရှိ ကချင်၊ ကရင်၊ ချင်းတိုင်းရင်းသားများကိုအခြေခံ၍ Burma Rifle တပ်ရင်း ၃ ရင်း ဖွဲ့စည်းခဲ့ပြီး အိန္ဒိယဘုရင်ခံက အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ တပ်မတော်ကို  BIA၊ BDA၊ BNA၊ PBF  ဟု အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ကန္ဒီစာချုပ်အရ အရာရှိ  ၂ဝဝ နှင့် အခြားအဆင့် ၅၂ဝဝ တို့ပါဝင်သည့် မျိုးချစ်ဗမာ့တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကတည်းကပင် တိုင်းရင်းသားစစ်မှုထမ်းများ၊ အင်္ဂလိပ်တပ် ကလာသူများ၊ BIA၊ BDA၊ BNA၊ ကဆင်းသက်လာသူများ၊ အမျိုးသားရေးစိတ်ဓာတ်ထက်သန်သူများ၊ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူများ၊ ဆိုရှယ်လစ်စနစ်ယုံကြည်သူများ စသည်ဖြင့် အခြေခံမတူသူ၊ ခံယူချက်မတူသူများဖြင့် စုစည်းတည်ဆောက်ခဲ့သည်။ တည်ထောင်ဖွဲ့စည်းပြီးစ မြန်မာ့တပ်မတော် အတွင်းမှာလည်း တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်းအချို့နှင့် ကွန်မြူနစ်တို့၏ စည်းရုံးသိမ်းသွင်းမှုကို ခံထားရသောတပ်ရင်းအချို့ ပဲ့ထွက်တောခိုသွားခဲ့ကြသည်။ ထိုကာလတွင် မြန်မာ့နိုင်ငံရေး လောကရှိ အင်အားစုများမှာလည်း စုစည်းညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြားဖြစ်နေခဲ့သည်ကိုတွေ့ရသည်။ ထိုအချိန်က ဝန်ကြီးချုပ်ဦးနုအနေဖြင့် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို သိရှိစိုးရိမ်သဖြင့် ကရင် အမျိုးသားများနှင့် ရင်ကြားစေ့ရေး၊ ကွန်မြူနစ်များနှင့် ပြန်လည်သင့်မြတ်ရေး စသည်များ ကိုလုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအယူအဆများကွဲပြားမှု၊ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်နှင့် သပ်လျှိုသွေးခွဲမှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းသောင်းကျန်းမှု ပေါ်ပေါက်ခဲ့ပြီး ''ရောင်စုံသောင်းကျန်းမှု''ဟုပင်ခေါ်ဆိုခဲ့ရသည်။ ဖဆပလအစိုးရလက်ထက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလေသံပေး၍ နိုင်ငံတော်အာဏာကို လက်နက်ကိုင်တိုက်ပွဲဖြင့် ရယူရန်ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ထိုကာလ အတွင်း နိုင်ငံ့အခြေအနေသည် အာဏာရနိုင်ငံရေးပါတီ အကွဲအပြဲမှ သွေးချောင်းစီး ပြည်တွင်း စစ်ကြီးဖြစ်ပွားမည့်အခြေအနေ၊ ၄င်းမှတစ်ဆင့် ပြည်ထောင်စုပြိုကွဲမည့်အခြေအနေတွင် တပ်မတော်အနေဖြင့် အာဏာရပါတီ၏ တာဝန်ပေးအပ်ချက်အရ နိုင်ငံ့တာဝန်အရပ်ရပ်အား တာဝန်ယူခဲ့ရသည်။ အိမ်စောင့်အစိုးရသည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလအနိုင်ရရှိပြီး ဦးနုအား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကာ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအစိုးရအာဏာရပြီး မကြာမီအစိုးရရာထူးများကို ပါတီဝင်များအားခွဲဝေပေးရာ မကျေနပ်မှုများဖြစ်ပေါ်ခဲ့ပြီး  မကြာမီမှာပင် အကွဲအပြဲဇာတ်လမ်းစတင်ခဲ့ သည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရှမ်းပဒေသရာဇ် စော်ဘွားဟောင်းများဦးစီးသော တောင်ကြီးညီလာခံ၌ ပြည်ထောင်စုစစ်စစ်မူဟုကင်ပွန်းတပ်ကာ ဖက်ဒရယ်မူစာတမ်းကို အတည်ပြု ပေးလိုက်သည်။ ဖက်ဒရယ်မူတွင် အဓိကပါဝင်သောအချက်မှာ ထိုစဉ်ကတည်းကရှိနေသော ပြည်နယ် ၅ ခုနှင့် အဆင့်အတန်းတူသော ဗမာပြည်နယ်ဖွဲ့စည်းရေးပင်ဖြစ်သည်။ အစိုးရသည် ဖက်ဒရယ်မူ တောင်းဆိုမှုကို မဖြေရှင်းနိုင်ခင်မှာပင် ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၌ ''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ''အဖြစ် အခြေခံဥပဒေ၌ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပြန်သည်။ အဆိုပါပြဋ္ဌာန်းမှုကြောင့် ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်သည် ရုတ်တရက်အင်အားကြီးထွားလာခဲ့ပြီး ခွဲထွက်ရေးကြွေးကြော်သံများမှာလည်း တစ်တိုင်းပြည်လုံးဆူပူနေတော့သည်။ ရှမ်းပြည်နယ်မှ စော်ဘွား အချို့သည် ရှမ်းသောင်းကျန်းသူများအား လျှို့ဝှက်စွာကူညီနေကြသည့်အပြင် အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ (SEATO) နှင့်လည်း လျှို့ဝှက်စွာ ဆက်သွယ်နေကြသည်ဆိုသောသတင်းများ ထွက်ပေါ်နေကြသည်။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံကြီးတွင်   လူမျိုးပေါင်းစုံ အစည်းအဝေးကြီးကိုကျင်းပရာ ရှမ်းစော်ဘွားဟောင်းက ဖက်ဒရယ်မူကိုမရလျှင်  ချက်ချင်းလက်ငင်း ခွဲထွက်မည်ဟု အတိအလင်းခြိမ်းခြောက်လာခဲ့သည်။ ၄င်းအပြင် ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့သည်လည်း ခွဲထွက်မည့်အလားအလာ များရှိနေသည်။ ဤသို့အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲ ရာမှ ပြည်ထောင်စုကြီးပြိုကွဲမှုကို ဦးတည်နေသောအချိန်တွင် ပြည်ပ နိုင်ငံများက ကြားဝင်၍အနိုင်ကျင့်မည်ဆိုပါက အချုပ်အခြာအာဏာပါ လက်လွတ်ဆုံးရှုံးရပေတော့မည်။ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန်မှာ တပ်မတော်၏ တာဝန်သာဖြစ်သည်။ နိုင်ငံတော်အစိုးရ ကိုအကာအကွယ်ပြုသော တပ်မတော်သည် တရားဝင် တပ်မတော်ဖြစ်ပြီး  တပ်မတော်သည်  တရားဝင်အုပ်စိုးသောအစိုးရ၏  လက်ရုံးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ့အချုပ်အခြာအာဏာနှင့် နိုင်ငံ့နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအား ပြည်တွင်းရန်နှင့် ပြည်ပရန်မှကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့ရပြီး တော်လှန်ရေး ကောင်စီအား ဖွဲ့စည်းခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက် ရက်စွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် တော်လှန်ရေးကောင်စီ၏ကမ်းလှမ်းချက်များမှာ တော်လှန်ရေး ကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ခြင်းကို လှိုက်လှဲစွာလိုလားတောင့်တလျက်ရှိသည့်အလျောက်  ပြည်ထောင်စု အတွင်း၌ နိုင်ငံရေးအရ၊ လူမျိုးရေးအရ လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်း အဖွဲ့အစည်းအားလုံးသို့ ငြိမ်းချမ်းရေးကို ပြန်လည်လက်တွေ့တည်ဆောက်ကြရန် ကမ်းလှမ်းချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။