နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၄

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ ညနေ ၄ နာရီခွဲတွင် ပြည်တွင်းပြည်ပသတင်း မီဒီယာများနှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ ၌ Social Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေး မှူးချုပ်ဦးဇော်ဌေးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူလူထုအား ထောက်ပံ့ပေးခဲ့သည့် အခြေအနေကို ဦးစွာတင်ပြ လိုပါကြောင်း၊ ပြည်သူလူထုကို သင်္ကြန်ရုံးပိတ်ရက်ရှည်မှစ၍ ရိက္ခာငါးမျိုးထောက်ပံ့ခဲ့ပါကြောင်း၊ ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် အိမ်ထောင်စု ၅ ဒသမ ၃ သန်း အတွက် ငွေကျပ် ၇၁ ဒသမ ၁ဝ၃ ဘီလီယံ ကျခံခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ရိက္ခာငါးမျိုး မဖြန့်ဝေတော့ဘဲ ပုံမှန်ဝင်ငွေမရှိ သည့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် နှစ် ကြိမ်ထောက်ပံ့ ခဲ့ပါကြောင်း၊ အိမ်ထောင်စု ပေါင်း ၅ ဒသမ ၄ သန်းကို ငွေကျပ်၂ဝဝဝဝ နှုန်းဖြင့် နှစ်ကြိမ်ထောက်ပံ့ခဲ့ရာ ၂၁၈ ဒသမ ၁၁၂ ဘီလီယံကျခံခဲ့ပါကြောင်း၊ အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကို တစ်စုလျှင် ငွေကျပ်  ၂ဝဝဝဝ  နှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သွားရန်ရှိပြီး ငွေကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကျခံ သွားမည်ဖြစ်ပါကြောင်း။ ကိုဗစ်ကာလတွင် တောင်သူလယ်သမား များဝင်ငွေရရှိရန်အတွက် စပါးမျိုးစေ့ ထုတ် လုပ်ငန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ငါးမျိုးများ၊ ငါးသားပေါက်များဖြန့်ဖြူးပေး ခြင်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့် ကျေးရွာအခြေခံအဆောက် အဦတည် ဆောက်ခြင်း စသည့်လုပ်ငန်းများကို ယင်းဒေသတွင်ရှိသည့် ဒေသခံများ နှင့်ပူးပေါင်းပြီး Cash For Work စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကျခံဆောင်ရွက်နေသည် မှာ ငွေကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံရှိပါ ကြောင်း။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသက် ၈ဝ မှ ၈၄ နှစ်အကြား သက်ကြီးရွယ်အိုများ၊  ကိုယ်ဝန်ဆောင်မိခင်များ၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ စေတနာ့ဝန်ထမ်းများကိုထောက်ပံ့ပေးပါ ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံ လုံးတွင်ရှိသည့် IDP စခန်းများ၊ တိုက်ပွဲ ရှောင်စခန်းများတွင် နေထိုင်နေကြသည့် ပြည်သူများအတွက် အခြေခံစားသောက် ကုန်ငါးမျိုးကို   အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးပါကြောင်း၊ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင်ရှိသည့် အိမ်ထောင်စုများမှ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့ပြင် မသန်စွမ်းသူများ၊ အနာကြီးရောဂါသည်များ၊ ပြည်တွင်းပြည်ပ လူကုန်ကူးခံရသည့် သူများကိုလည်း ထောက်ပံ့ပေး ပါကြောင်း၊ ၄င်းထောက်ပံ့မှု အားလုံးအတွက် ငွေကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံကျခံခဲ့ပါကြောင်း။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခုကာလတွင် ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ဆေးပစ္စည်းကိရိယာများ၊ အကာအကွယ်ပစ္စည်းများ၊ PPE ဝတ်စုံများ စသည့် ဆက်စပ်ပစ္စည်းများကိုဝယ်ယူရာတွင် ငွေကျပ် ၂၆၇ ဒသမ ၉ဝ၃ ဘီလီယံကျခံဝယ်ယူခဲ့ ပါကြောင်း၊ လမ်းဘေးဈေးသည်များကို သက်သာသည့်နှုန်းထားဖြင့် ငွေကျပ် ၁ဝဝ ဘီလီယံထုတ်ချေးပေးခဲ့ပါကြောင်း၊ ထို့ပြင် အသေးစားချေးငွေလုပ်ငန်းများမှတစ်ဆင့် တစ်ပိုင်တစ်နိုင် ပြန်ချေးသူများအတွက် ငွေကျပ်ဘီလီယံ ၁ဝဝ ကျခံခဲ့ပါကြောင်း၊ အသေးစား ချေးငွေလုပ်ငန်းကော်မတီက SME လုပ်ငန်းများကို ငွေကျပ်ဘီလီယံ ၂ဝဝ ထုတ်ချေးပေးခဲ့ပါကြောင်း၊ ယခုကာလအတွင်း တောင်သူလယ်သမားများကို ၁ ဧကလျှင် ၅ဝဝဝဝ နှုန်းဖြင့် ငွေကျပ် ဘီလီယံ ၆ဝဝ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကင်းလွတ်ခွင့်ပေးမှုအနေ ဖြင့် ဧပြီ၊ မေ၊ ဇွန်ကာလအတွင်း ယူနစ် ၁၅ဝ သက်သာခွင့်ပေးခဲ့ရာ ငွေကျပ် ၁ဝ၇ ဒသမ ၃၇၉ ဘီလီယံ အစိုးရကကျခံခဲ့ပါ ကြောင်း။

ထူးခြားချက်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပုဂ္ဂလိကကို တင်ဒါခေါ်ယူ ခြင်း၊ ဥပမာ မီးစက်များဖြင့်လျှပ်စစ်ဓာတ် အားပေးခြင်းများရှိပြီး အစိုးရထံမှ ဂက်စ်များဝယ်ယူကာ တာဘိုင်များလည်ပတ်ရခြင်း များရှိပါကြောင်း၊ ယင်းအတွက် တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီးကင်းလွတ်ခွင့်ပေးရာတွင် ၄င်းတို့မှာ အကျုံးမဝင်ဖြစ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ တင်ပြချက် အရ ငွေကျပ် ၁ ဒသမ ၅၁၈ ဘီလီယံ နိုင်ငံတော်က ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်စပ်သည့် ထောက်ပံ့ကူညီမှုစုစုပေါင်းမှာ ငွေကျပ် ၁၉ဝ၈ ဒသမ ဝ၈၅ ဘီလီယံကျခံခဲ့ပါကြောင်း၊ ဆက်လက်၍လည်း အိမ်ထောင်စု ၅ ဒသမ ၆ သန်းအတွက် တစ်အိမ် ထောင်လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် မကြာမီကာလ တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း။ ကိုဗစ်-၁၉ ကာလတွင် ရောဂါကာကွယ်၊ ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး  ဥပဒေအရအရေးယူသည့်    အမျိုးအစားသုံးမျိုးရှိပါကြောင်း၊ ပထမတစ်မျိုးအနေဖြင့် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အရေး ယူပါကြောင်း၊ Quarantine မှထွက်ပြေးခြင်း၊ ပြည်ပမှပြန်ဝင်လာကြောင်းအသိမပေးခြင်း၊ အခြားနေရာများသို့သွားခြင်း၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များအား ဖောက်ဖျက်ကာ လူစုလူဝေး ပြုလုပ်ခြင်း၊ ကျန်းမာ ရေးစစ်ဆေးရန် ခေါ်ယူရာတွင် လက်မခံဘဲထွက်ပြေးခြင်း၊ Mask မတပ်ဘဲ သွားလာ ခြင်း၊ Quarantine မဝင်ဘဲရှောင်တိမ်းသူများအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူသည့်အမှုပေါင်း မှာ ၂ဝ၂ဝ ပြည့်နှစ် မတ် ၂၆ ရက်မှ ယမန် နေ့အထိ အမှုပေါင်း ၉၁၄၈ မှုရှိပါကြောင်း၊ အရေးယူထားသည့် အမျိုးသား ၁၁၂၇၁ ဦးနှင့် အမျိုးသမီး ၂၆၃၇ ဦး စုစုပေါင်း ၁၃၉ဝ၈ ဦးအား အရေးယူထားပါကြောင်း။

ထို့ပြင် Quarantine စောင့်ကြည့်ကာလတွင် အရက်သေစာသောက်စားသူများ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားချိန် တွင် စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ရန် လက်ခံခြင်း၊ လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပခြင်း၊ ဆေးရုံများတွင်စောင့် ကြည့်လူနာများအဖြစ်တက်ရောက်နေစဉ် ထွက်ပြေးခြင်း၊ Quarantine ဝင်နေစဉ် စည်းမျဉ်းစည်းကမ်းများဖောက်ဖျက်ခြင်း၊ Quarantine Centre များကို ဝင်ခွင့်မရဘဲ ဝင်ရောက်နှောင့်ယှက်မှုများ၊ ကိုဗစ်-၁၉  ရောဂါနှင့်စပ်လျဉ်း၍ သတင်းမှားဖြန့်ချိ မှုများ၊ ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အသိ ပညာပေးမှုဆောင်ရွက်နေစဉ် ဝတ္တရားနှောင့်ယှက်မှုများ၊ လူစုလူဝေးဖြင့် ဆန္ဒပြမှုများ၊ ဘာသာရေးအခမ်းအနားကျင်းပခြင်း စသည့်အကြောင်းအရာများကို သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှုဖွင့် အရေးယူမှုမှာ ၁၁၈ မှု ရှိပြီး အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၂၈၂ ဦးအား အရေးယူထား ပါကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူမှုများမှာ ညမထွက်ရအမိန့်အား မလိုက်နာသည့်အတွက် အရေးယူမှုအနေ ဖြင့် ၂၁၁၇ မှုရှိပြီး အမျိုးသား ၅၂၇၉ ဦး၊ အမျိုးသမီး ၂၉၁ ဦး စုစုပေါင်း ၅၅၇ဝ ဦး အရေးယူခဲ့ရပါကြောင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် KTV၊ Club၊ Bar ဖွင့်လှစ်သည့်အတွက် ကူးစက ်ရောဂါတားဆီး နှိမ်နင်းရေးဥပဒေအရ အရေးယူခဲ့မှုမှာ ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၂ဝ ရက်မှ သြဂုတ် ၃၁ ရက်အထိ စုစုပေါင်း ၁၄ မှုရှိပါကြောင်း၊ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅ဝ ဦး စုစုပေါင်း ၉၂ ဦးကို  အရေးယူထားပါကြောင်း၊ စက်တင်ဘာ ၁ ရက်မှ   ယမန်နေ့အထိ  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူထားမှုမှာ ရှစ်မှုရှိပြီး အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂ဝ ဦး စုစုပေါင်း ၄၅ ဦးကို အရေးယူထားပါကြောင်း၊  နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် KTV၊ Club၊ Bar များ ဖွင့်လှစ်ခဲ့သည့်အတွက် အရေးယူခဲ့ရပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ရာထူးမှရပ်စဲလိုက်ရသည့်ကိစ္စ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုရှယ် မီဒီယာများကို နည်းပညာအရ စောင့်ကြည့်ဆောင်ရွက်နေမှုလုပ်ငန်းစဉ်၊ ယခုဖွဲ့စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအသင်း၏လုပ်ဆောင်ချက်၊ ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရက ပြည်သူများအား အကူအညီအထောက်အပံ့များ ပေးအပ်နေမှုနှင့်   ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ နေပြည်တော် အဝင်၊ အထွက်ဂိတ်များတွင် ကိုဗစ်-၁၉နှင့်စပ်လျဉ်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေမှု၊ ဖြေလျှော့ပေးသွားမည့်အခြေအနေ၊ နိုင်ငံရေးပါတီများ အတွက် အမေရိကန်မှ ဒေါ်လာ ၄၆ သန်း ထောက်ပံ့ပေးအပ်ခဲ့သည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပရန်အစီအစဉ် ရှိ၊ မရှိ၊ ''ဝ''အထူးဒေသနှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင်   လုံခြုံရေးဆိုင်ရာအခြေအနေအရ ရွေးကောက်ပွဲများမကျင်းပရန် တပ်မတော်၏ အကြံပေးမှုအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထားအမြင်အား သိရှိလိုခြင်း၊ ကိုဗစ်ကာလတွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် အချိန်ပြောင်းလဲမှု ရှိ၊ မရှိ၊ တရုတ်ဧည့်သည်တော်ခရီးစဉ်တွင် မြစ်ဆုံ ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့မှု ရှိ၊ မရှိ၊ ICJ ကိစ္စ၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု မြင့်မားနေသည့်အချိန်တွင် AA အဖွဲ့၏ဝါဒဖြန့်ချိနေမှုနှင့် ¤င်းတို့၏ လုပ်ရပ်များအပေါ်   နိုင်ငံတော် အစိုးရမှ ဆောင်ရွက်သွားမည့်အခြေအနေ၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါကူးစက်နှုန်း မြင့်မားလာမှုနှင့်စပ်လျဉ်း၍ အစိုးရ၏ တုံ့ပြန်မှုနှေးကွေးသည်ဟု ဝေဖန်သုံးသပ်နေမှုများအပေါ် အစိုးရ၏ အမြင် သဘောထားနှင့်စစ်တွေမြို့ကို Lock Down သတ်မှတ်ရန်အစီအစဉ် ရှိ၊ မရှိ၊ ပြည်တွင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းမြင့်မားလာမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် ဒုတိယလှိုင်း အဖြစ်သတ်မှတ်ရန် ရှိ၊ မရှိ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှု အခြေအနေ၊ စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်သွားမည့်အခြေအနေ၊ မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် လောင်းကစားများ ပြုလုပ်နေမှုများ အပေါ်  နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းချုပ်သွားမည့်အခြေအနေ၊ နယ်စပ်ဒေသများတွင် လောင်း ကစားမှု ဖြင့်ဖမ်းဆီးမိသူများအား အရေးယူဆောင်ရွက်သွားမည့်အခြေအနေ၊ မြဝတီရှိ ဆက်သွယ်ရေး တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရမှုကိစ္စ၊ မြစ်ကြီးနားမြို့၌ဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေး နည်းပညာအ ထောက်အကူပြုအသင်းရုံး ပိတ်သိမ်းလိုက်ရသည့်အခြေအနေ၊ တရုတ်နိုင်ငံမှထောက်ပံ့ကူညီ ပေးသွား မည့် ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း စနစ်မြှင့်တင်ပေးသွားမည့် အခြေအနေတို့နှင့်စပ်လျဉ်းသည့်မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရက ပြည်သူများအား   အကူအညီ အထောက်အပံ့များ ပေးအပ်နေမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေနှင့် စပ်လျဉ်း၍  ပထမအချက်အနေဖြင့် မိမိတို့နိုင်ငံ၌  ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအနေအထားကို ကြည့်ရပါကြောင်း၊ ဒုတိယအချက်အနေဖြင့်  ကိုဗစ်-၁၉  ကူးစက်ပြန့်ပွားမှုအနေ အထားပေါ်တွင်မူ တည်ပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ရသည့် အနေအထားကိုကြည့်ရပါကြောင်း၊ Stay Home သတ်မှတ် လိုက်သည့်အခါ အခြေခံလူတန်းစားများ ဒုက္ခရောက်ကြပါကြောင်း၊ ယင်းအခြေခံ လူတန်းစားများသည် စည်းမျဉ်းစည်းကမ်းလိုက်နာရေးထက် စားဝတ်နေရေးသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် စိတ်ထဲတွင်မရှိတော့သည့်အတွက် အပြင်သို့ထွက်၍ အလုပ်လုပ်ရသည့်  သဘောရှိပါကြောင်း၊ ထိုသို့လုပ်ဆောင်မှုများ လျော့ကျရန်အတွက် ထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း။ လိုအပ်လျှင် လိုအပ်သလို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ တတိယအကြိမ်အဖြစ် ငွေကျပ် ၂ဝဝဝဝ ထောက်ပံ့သွားရန် ရှိပါကြောင်း၊ ယခုမထောက်ပံ့ ပေးရသေးပါကြောင်း၊ ထောက်ပံ့ပြီးပါက ရောဂါအခြေအနေပေါ် ထောက်ရှုပြီး  အစိုးရအကြီးအကဲ များက ဆုံးဖြတ်သွားမည်ဖြစ်ပါကြောင်း၊ အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကို ၂ဝဝဝဝ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးမည့်ကာလသည်  ပြီးခဲ့သည့်ကာလ ထောက်ပံ့နှုန်း အနေအထားကို ကြည့်ပြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ညှိနှိုင်း၍   ထောက်ပံ့ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ '' ဝ'' အထူးဒေသနှင့်ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လုံခြုံရေးဆိုင်ရာ အခြေအနေအရ ရွေးကောက်ပွဲများ မကျင်းပရန် တပ်မတော်၏ အကြံပေးမှုအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထားအမြင်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင်၁၇ မြို့နယ် ရှိပြီး တစ်မြို့နယ်လုံးတွင်ကျင်းပ၍ရသည်မှာ (၅)မြို့နယ်သာရှိပါကြောင်း၊  မြို့ပေါ်တွင်ကျင်းပခွင့်ရပြီး ကျေးရွာများတွင် ကျင်းပခွင့်မရခြင်းများရှိပါကြောင်း၊ ယင်းတို့ကို လုံခြုံရေးအရ အကြံပေးခြင်း ဖြစ်ပါကြောင်း၊ အထူးဒေသ(၂) ပန်ဆန်းဘက်တွင်လည်း ကျင်းပရန် ပုံမှန်အကြံပေးလေ့ရှိပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းအရ အစပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန်အတွက် တစ်နိုင်ငံလုံးကြေညာရပါကြောင်း၊ ယင်းသို့ ကြေညာပြီးမှသာ ကျင်းပရန် သင့်၊ မသင့် သဘောထား ရယူပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌''ဝ'' အထူးဒေသ (၂) နယ်မြေ များတွင်ရွေးကောက်ပွဲ မကျင်းပကြောင်းကို အောက်တိုဘာလအတွင်း ကြေညာခဲ့ ပါကြောင်း၊ မကျင်းပနိုင်သည့်နေရာများမှာ ပန်ဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်၊ မိုင်းလား (၅)မြို့နယ်ဖြစ်ပါကြောင်း၊ ထို့ပြင် မူဆယ်၊ ကုန်းကြမ်း၊ မန်တုန်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ရွေးကောက်ပွဲများ မကျင်းပနိုင်သည့်အတွက် ယင်းနေရာများတွင် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်းကို    ကြေညာခဲ့ပါကြောင်း၊ ယင်းမှာ    ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း။ ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့်အထူးဒေသ(၂)    ကိုသဘောထား ပေးထားပါကြောင်း၊ အချို့အနေအထားများလည်း ရှိနိုင်သေးပါကြောင်း၊ ယင်း အနေအထားအပေါ်မူတည်၍   တပ်မတော်ဘက်က သဘောထားကိုလည်းယူပါကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့၏ သဘောထားကိုလည်းယူပါကြောင်း၊  အောက်ခြေတွင်ရှိသည့် ကော်

မရှင်အဖွဲ့ခွဲများ၏ သဘောထားကိုလည်းယူပါကြောင်း၊  ယခုကိုဗစ်နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  သဘောထားလည်း    ယူမည်ဟုပြောပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သဘောထားယူ၍ လာမည့်အောက်တိုဘာလရောက်မှသာ ကြေညာမည်ဖြစ်ပါကြောင်း၊ အချို့အမှတ်မှားနေပါကြောင်း၊ တပ်မတော်က သဘောထားပေးခြင်းကို ဂရုမစိုက်ဟု ထင်မြင်နေ ကြပါကြောင်း၊ ယင်းမှာလုပ်ထုံးလုပ်နည်းကို နားမလည်၍ ပြောကြားနေခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်၏ လုပ်ထုံးလုပ်နည်းအရ ယင်းအတိုင်းပင်ဖြစ်ပါကြောင်း၊ အောက်တိုဘာလရောက်ရှိမှသာ မကျင်းပနိုင်သည့်နေရာများကို ထပ်မံကြေညာရ မည်ဖြစ်ပါကြောင်း၊  ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၅ ခုနှစ်တွင်လည်း ယင်းအတိုင်းပင် ဆောင်ရွက်ခဲ့ပါကြောင်း။

နိုင်ငံတော်သမ္မတ၏ မူဝါဒမှာ ရှင်းလင်းပါကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်  ရွေးကောက်ပွဲများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲများဖြစ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့များ၊ အဖွဲ့အစည်းများ ကြီးစိုးနေသည့် နေရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ပါကြောင်း၊ ယင်းတွင် တပ်မတော်နှင့်အမြင်တူညီပါကြောင်း၊ အလားတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  အခြေအနေကို လည်းထည့်တွက်ရပါကြောင်း၊   သဘောထားပေါင်းစုံကိုသုံးသပ်၍ ကော်မရှင်ကဆုံးဖြတ်ရပါကြောင်း၊ အစိုးရကမဆုံးဖြတ်ပါကြောင်း၊  ကော်မရှင်၏လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း ဖြေကြားသည်။ ဆက်လက်၍  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတခရီးစဉ်တွင်   လက်မှတ်ရေး ထိုးခဲ့သည့် မြန်မာ-တရုတ်နှစ်နိုင်ငံသဘောတူညီ ချက်များတွင်ပါဝင်သည့်   ကဏ္ဍများနှင့် တရုတ်ဧည့် သည်တော် ခရီးစဉ်တွင်မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့မှုရှိ၊ မရှိနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ပါ ကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်(၆)ခုနှင့်သဘောတူညီချက် (၃)ခုလက်မှတ်ရေးထိုးပါကြောင်း၊ နားလည်မှုစာချွန်လွှာ (၁၄)ခု၊ စာလွှာ (၁ဝ)ခုလက်မှတ်ရေးထိုးပါကြောင်း၊  နှစ်နိုင်ငံ သဘောတူ စာချုပ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့်အစု ရှယ်ယာများနှင့်သက်ဆိုင်သည့် သဘောတူစာချုပ်တို့ကို လက်မှတ်ထိုးခဲ့ပါကြောင်း၊  မြန်မာနိုင်ငံမှ ဆန်များကို   တရုတ်နိုင်ငံသို့တင်ပို့သည့်အခါတွင် စစ်ဆေးရန်နှင့် ပိုးမွှားကင်းစင်ရေး သဘောတူညီချက်၊ မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသည့် ပိုးဥချောင်းများတင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့တင်ပို့မည့် ကျွဲ ၊ နွားများ ထိန်းသိမ်း စောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ တရုတ်အမျိုးသား ရုပ်မြင်သံ ကြားအသံလွှင့်ဌာနနှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်၊ နှစ်နိုင်ငံသံရုံးမြေနှင့် အဆောက်အအုံ   ပြန်လည်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက် တို့ဖြစ်ပါကြောင်း၊ ယင်းနှစ်နိုင်ငံသဘောတူစာချုပ်(၆)ခုကို အားလုံးအကောင်အထည်ဖော် နေပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်  ဆောင်ရွက်မည့် ကိစ္စမှာ ကိုဗစ်-၁၉ ကြောင့်  ခဏရပ်နား ထားသည့်သဘောရှိပါကြောင်း၊ ကျန်ရှိသည့် ကိစ္စများမှာ  ဆောင်ရွက်ဆဲအနေအထားဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။