စားသောက်ဆိုင်မှ ရောဂါစုများ

ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် ဘဝနေနည်းများကြောင့်လည်းကောင်း၊ အချိန်လု ရသော အလုပ်ရှုပ်ထွေးမှုများကြောင့် လည်းကောင်း၊ ပြုပြင်မွမ်းမံခြယ်သလှပသော  အစားအစာ များ၏  ဆွဲဆောင်မှုများကြောင့် လည်းကောင်း ယခင်အချိန်များထက် ယနေ့အချိန်များတွင် အပြင်စာများကို  ရွေးချယ်စားသောက်လာတတ်ကြသည်။

မိသားစုအများစုသည် မိမိတို့၏အိမ်တွင် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်ခြင်းထက် အပြင်ထမင်းဆိုင်များမှ ထမင်း၊ ဟင်းများကို ဝယ်ယူစားသောက်နေကြသူများ များပြားလျက် ရှိနေသည်။ ထိုသို့များပြားနေခြင်း၊ ကိုယ်တိုင်ချက်ပြုတ်စားသောက်သော်လည်း အသင့်စား အစားအသောက်များကိုသာ အစားများခြင်း တို့ကြောင့် ဆီးချိုနှင့်သွေးတိုး၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါတို့သည် နေရာယူလျက်ရှိနေသည်။

အပြင်စာများစားခြင်းဖြင့် ဆီးချို၊ သွေးတိုးဖြစ်သည် ဆိုရာဝယ် ထမင်းဆိုင်ဖွင့်ထားသော စီးပွားရေးသမားများကို ပုတ်ခတ်လိုခြင်းမဟုတ်ပါ။ သို့သော် အပြင်ဆိုင်အများစုတွင် အရသာ ကောင်းမွန်စေရန် အချိုမှုန့်၊ ဟင်းခတ်မှုန့်များကို အသုံးပြုကြတာများသည်။ ထို့အတူ သူတို့ ချက်ပြုတ်သည့် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတို့သည် ရေခဲသေတ္တာထဲတွင် ကြာရှည်စွာ ထည့်ထားတာများသည်။

ရေခဲသေတ္တာအတွင်း ထည့်ထားသော ဟင်းသီး ဟင်းရွက်နှင့် အသား၊ ငါးများစားသုံးခြင်းကို မြန်မာ့ တိုင်းရင်းဆေးပညာရှုထောင့်မှ ကြည့်မည်ဆိုလျှင် သီတ တေဇော အရေခြုံထားသော ဥဏှတေဇောကိုသာ ခံစားရမည်ဖြစ်သည်။ ထိုသီတတေဇောအတုသည် လူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသောအခါ ကိုယ်တွင်းသက်စောင့် အပူနှင့်သဟဇာတမဖြစ်သောကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဆီဓာတ်လွန်ကဲသောရောဂါ၊ သွေးလှည့်အဖွဲ့နှင့် သွေးကြောကျဉ်းမြောင်းသော ရောဂါ၊ သွေးကြောပိတ်ရောဂါ၊ လေးဖက်နာရောဂါ၊ နာတာရှည် လေဖြတ်ရောဂါတို့ကို ခံစားရနိုင်သည်။ ထို့အတူ ရေခဲသေတ္တာထဲမှ ရေခဲရေ၊ အသား၊ ငါးတို့သည် ပင်ကိုသဘာဝ အာဟာရဓာတ်များ ပျောက်ဆုံးကာ ပြောင်းပြန် အကျိုးသက်ရောက်ခြင်းများဖြစ်ပြီး လူ့ သက်တမ်းစေ့ မနေရမည့် ရောဂါများကျရောက်ခံစားရနိုင်သည်။

စားသောက်ဆိုင်မှ အစားအစာများသည် အမြန်ချက်ပြုတ်ခြင်း၊ မီးပြင်းတိုက်ခြင်း၊ မိုက်ခရိုဝေ့နှင့် ချက်ပြုတ်ခြင်းတို့ကြောင့် ဗီတာမင်နှင့် သတ္တုဓာတ် များဆုံးရှုံးနေသည်။ ထို့အတူ စားသုံးသူ၏ ဓာတ်ခံကို မသိခြင်းတို့ကြောင့် အစာမကြေခြင်း၊ အစာအဆိပ် သင့်ခြင်းများဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ပါသောကြောင့် အပြင်စာစားမိတိုင်း အထက်ဖော်ပြပါဆိုးကျိုးများမှ ကင်းဝေးစေဖို့ ဖြေဆေးအနေဖြင့် လက်ဖက်ရည်ကြမ်းသောက်ပေးရန် လိုအပ်လှသည်။ လက်ဖက်ရည်ကြမ်း ဆိုသည်မှာ မြန်မာ့ရိုးရာဓလေ့ ထုံးစံအရ နေ့စဉ်သောက်သုံးနေသော လက်ဖက်ခြောက် ခတ် ထားသည့် ဆေးတစ်ခွက်လည်းဖြစ်သည်။

သုတေသနပြုချက်များအရ နေ့စဉ်လက်ဖက်ရည်ကြမ်း လေးခွက်နှင့်အထက် သောက်သူများ သည် လက်ဖက်ရည်ကြမ်း လုံးဝမသောက်သူများထက် လေဖြတ်မှုအန္တရာယ် မှ ၂၁ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရသည်။ လက်ဖက်ရည်ကြမ်းသည် ကျွန်မတို့မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် ရေပြီးလျှင် အသောက်အများဆုံးသောအရည်မှာ  ရေနွေးကြမ်းဖြစ်သည်။

လက်ဖက်ရည်ကြမ်းအဖြစ်   ထည့်သောက်သော လက်ဖက်အမျိုးအစား လေးမျိုးခွဲခြား ထားသည်။ အမည်းရောင်လက်ဖက်ခြောက်၊ အစိမ်းရောင် လက်ဖက်ခြောက်၊ အူလောင်း လက်ဖက်ခြောက်နှင့် အရောင်မဲ့လက်ဖက်ခြောက်ဟူ၍ လေးမျိုးတွေ့ရှိရသည်။ အများစုကတော့ အမည်းရောင်လက်ဖက် ခြောက်ကိုသာအသုံးများသည်။

လက်ဖက်ရည်ကြမ်းတွင် အာဟာရပြည့်ဝသော ဒြပ်ပေါင်းများပါဝင်ပြီး အင်တီအောက်ဆီဒင့် အစွမ်း ရှိခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်လှသည်။ လက်ဖက်ရည်ကြမ်းကို သောက် ပေးခြင်းဖြင့် သွေးလွှတ်ကြောများကို ကျန်းမာစေပြီး နှလုံးရောဂါထခြင်း ကိုလျော့ကျစေခြင်း ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ သွေးတွင်းထရိုင်ဂလစ်ဆရိုက် အဆီများကို လျော့ကျစေရုံသာမက မကောင်းသော ကိုလက်စထရောဓာတ်များကိုပါ လျော့ပါးခြင်းကြောင့် နှလုံးရောဂါနှင့် ပိုမိုသင့်လျော်သည်။ လက်ဖက်ရည် ကြမ်းသောက်ခြင်းဖြင့် ဦးနှောက်ထဲ သွေးစီးဆင်းမှု ကောင်းစေပြီး ဦးနှောက်လုပ်ငန်းလုပ်ဆောင်ခြင်း၊ ဇီဝဖြစ်ပျက်မှုနှင့် တက်မှုများကို လှုံ့ဆော်ပေးနိုင်သည်။

ထို့အတူ ခန္ဓာကိုယ်ထဲမှာ ဗက်တီးရီးယားကြီးထွားမှု မဖြစ်စေရန် ပိတ်ပင်ဟန့်တားနိုင်စွမ်း ရှိသည်။ လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော အင်တီအောက်ဆီဒင့်များသည် ပါကင်ဆန် ရောဂါကို ကုသနိုင်ပြီး အနာကျက်နိုင်စွမ်းကောင်းမွန်စေကာ ဒီအင်အေ ထိခိုက်မှုကို  ပြန်လည် ပြုပြင်ပေးနိုင်စွမ်းရှိသည်။

လက်ဖက်ခြောက်ကိုထည့်သောက်ခြင်းဖြင့် အထက်ပါ အကျိုးကျေးဇူးများကိုရရှိနိုင်သကဲ့သို့ လက်ဖက်စိမ်း ရေနွေးကြမ်း၏ အကျိုးကျေးဇူးအချို့ကိုလည်း မျှဝေပေးလိုသည်။ လက်ဖက်စိမ်း ရေနွေးကြမ်းတွင်ပါဝင်သော Catechin ဟုခေါ်သော  ဓာတ်သတ္တုသည် ကျွန်မတို့၏ခန္ဓာကိုယ်၏ ဆဲလ်များကို ဖြစ်ပေါ်စေသော ဓာတ်တိုးနေသောနေရာများကို  တိုက်ဖျက်ပေးပြီး အသားအရေကို တင်းရင်းစေကာ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးအောင်ပြုလုပ်ပေးနိုင်သည်။

လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်ပေးခြင်းဖြင့် ကျွန်မတို့၏သွားများကို ကျန်းမာကြံ့ခိုင် စေပြီး ခံတွင်းအနံ့ဆိုးများကို ကင်းဝေးစေရန် စွမ်းဆောင်နိုင်သည်။ လက်ဖက်စိမ်း၏ အစွမ်းသတ္တိကြောင့် အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်စွမ်းရှိသည့်အပြင် အခြားသော အရေပြား ရောဂါများကို ပျောက်ကင်းသက်သာစေနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ အလေးချိန်လျော့လို၍ လေ့ကျင့်ခန်းလုပ်နေသူများအတွက် လက်ဖက်စိမ်းရည် သောက် ပေးခြင်းဖြင့် အလေးချိန် လျော့ကျနိုင်စွမ်းရှိသည်။

ကမ္ဘာပေါ်တွင်  ကင်ဆာရောဂါကြောင့် နှစ်စဉ်  ၃ ဒသမ ၅ သန်း သေဆုံးလျက်ရှိသည်။ လက်ဖက်ရည်ကြမ်းသည် ကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်သည်။ လေ့လာချက်များအရ လက်ဖက်ရည်ကြမ်း ပုံမှန်သောက်သုံးသူများ  (တစ်နေ့လျှင်  လေးခွက် အထက်)သည် ရင်သား ကင်ဆာဖြစ်ပွားနှုန်း၊ အစာအိမ် နှင့်အူမကြီးကင်ဆာဖြစ်ပွားနှုန်း၊ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်း၊ အဆုတ်ကင်ဆာနှင့် အသည်းကင်ဆာ ဖြစ်ပွားနှုန်းများကိုလျော့ကျစေသည်။

လက်ဖက်ရည်ကြမ်း  သောက်သုံးသူများသည် မှတ်ဉာဏ်ချို့ယွင်းခြင်းကြောင့်ဖြစ်သော အယ်ဇိုင်းမား ရောဂါကို သက်သာစေသကဲ့သို့ ဖြစ်ပွားနိုင်ခြေလည်း လျော့နည်းစေသည်။ လက်ဖက်ရည်ကြမ်းသည် အဆီဆဲလ်အတွင်း သကြားဓာတ်ရွေ့လျားမှုကို ရပ်တန့်စေ ခြင်းကြောင့် ဗိုက်တွင်ပိုနေသော အဆီကိုလျော့ကျစေသည်။ ဂျပန်နိုင်ငံ တိုဟိုကူတက္ကသိုလ်တွင် ၁၉၉၄ ခုနှစ် မှစတင်ပြီး လက်ဖက်ရည်ကြမ်းနှင့်ပတ်သက်သော သုတေသနတစ်ခုကိုပြုလုပ်ခဲ့ရာ နေ့စဉ်လက်ဖက်ရည် ကြမ်းငါးခွက်အထက် သောက်သုံးသူများသည် တစ်နေ့တစ်ခွက် သို့မဟုတ် လျော့နည်းသူများထက်သေဆုံးမှု ၁၆ ရာခိုင်နှုန်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုအမျိုးသားများတွင်၂၂ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် ၃၁ ရာခိုင်နှုန်း၊ လေဖြတ်ခြင်းမှ အမျိုးသားများတွင် ၃၅ ရာခိုင်နှုန်း၊ အမျိုးသမီးများ တွင် ၄၂ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။

ထို့အတူ ရေနွေးကြမ်းသောက်ခြင်းဖြင့် အစာကိုကြေစေပြီး ဝမ်းမီးကိုတောက်စေသည်။   လက်ဖက်ရည်ကြမ်းသည် သွေးတွင်း သကြားဓာတ်ပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်း ကိုလည်း ကာကွယ်နိုင်စွမ်းရှိသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်မတို့သည် အပြင်စာများ စားသုံးမိသည့် အခါတိုင်း လက်ဖက်ရည်ကြမ်းကို မမေ့မလျော့သောက်သုံးပေးသင့်သည်။ လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော ပိုလီဖီနော်နှင့် ဖလေဗိုနွိုက်ဓာတ်ပေါင်းများသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုမှလည်းကာကွယ် ပေးနိုင်သည်။ ထို့အတူ ကက်တီချင်းနှင့် ဖလေဗိုနွိုက် ဓာတ်ပေါင်းပါဝင်ခြင်းကြောင့် ပါးရေတွန့်ခြင်းနှင့် အသားအရေကို ကာကွယ်နိုင်စွမ်းရှိသည်။ လက်ဖက်ရည်ကြမ်းကို သောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးသည်။

သို့သော်  လက်ဖက်ရည်ကြမ်းသည် အစာအိမ်လမ်းကြောင်းမှ သံဓာတ်စုပ်ယူမှုကို တားဆီးခြင်း ကြောင့် သွေးအားနည်းရောဂါသည်များနှင့် သံဓာတ်နည်းပါး သူများသည် လက်ဖက်ရည်ကြမ်းကို လျှော့သောက်သင့်သည်။ သို့ဖြစ်ပါသောကြောင့် စားသောက်ဆိုင်မှ အစားအစာများကို နှစ်ရှည်လများစားသုံးခြင်းမှ ရှောင်ကြဉ်စေလိုပါသည်။   ။