အထူးစိမ်းလန်းစိုပြည်ရေး ဇုန်စီမံကိန်းကို ငါးနှစ်သတ်မှတ်ကာ ရန်ပုံငွေ ၇၄၆ သန်းဖြင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငါးနှစ်သတ်မှတ်ကာ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေကျပ်၇၄၆ သန်းဖြင့် စတင်ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစွန်ထွေးထံမှ သိရသည်။ စီမံကိန်း ကာလ ငါးနှစ်တာအတွင်း ရေနံချောင်းမြို့ရှောင်လမ်း၏ မိုင်တိုင်အမှတ် (၁/၇) မှ (၈/ဝ) မိုင် အတွင်း အထူးစိမ်းလန်းစိုပြည်ရေးဇုန် သတ်မှတ်ကာ နတ်ကန်ဦးကြိုးပြင်ကာကွယ်တောနှင့် ယင်းမချောင်းကြိုးပြင် ကာကွယ်တောရှိ မြေဧက၄၁၇၀ တွင် စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရေနံချောင်းမြို့နယ်အတွင်း သစ်တောမြေဧရိယာ ဧက ၁၅၉၆၀ ရှိပြီး သစ်တောဖုံးလွှမ်းမှု အနေဖြင့် မြို့နယ်ဧရိယာ၏ ၁၄ဒသမ ၃ သန်း ရာခိုင်နှုန်းသာရှိကာ ဒဟတ်တောများ၊ ဆူးချုံ တောများသာ ပေါက်ရောက်သဖြင့် အထူးစိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများကို မြို့ရှောင် လမ်းမိုင်တိုင်အမှတ်(၆/၁) မှ (၆/၅) မိုင်အတွင်း လမ်းဘေးဝဲ/ယာတွင် တစ်နှစ်လျှင် အပင် ၁၂၀၀၀ နှုန်း၊ ငါးနှစ်အပင် ၆၀၀၀၀ နှုန်းဖြင့် ဖြည့်စွက်စိုက်ပျိုးသွားမည်ဖြစ်သည်။ သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်းဆောင်ရွက်သည့် ဧရိယာအတွင်း ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းကို တစ်နှစ်လျှင် အပင် ၃၅၀၀နှုန်းဖြင့် ငါးနှစ်အတွင်း သစ်ပင် ၁၇၅၀၀ ခန့် စိုက်ပျိုး သွားမည်ဖြစ်သည်။

အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများရှိ စိုက်ပင်များအား ရေလုံလောက်စွာပေးဝေနိုင်ရန် ရေဝေ ဧရိယာများ၍ ရေဝပ်နိုင်သည့် နေရာများတွင် တစ်နှစ်လျှင် တစ်ဖက်ရပ်ဆည် တစ်ခု၊ ငါးနှစ်အတွက် ငါးခုနှင့်မြေအောက်အဝီစိတွင်း တစ်တွင်းတူးဖော်ကာ ငါးနှစ်ဆက်တိုက် ဆောင်ရွက်မည့် အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းရေပေးဝေရန် ဆောင်ရွက်မည် ဖြစ်သည်။ နှစ်စဉ်  အုတ်ရေကန်များ တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်း၍  ရေလောင်းပြုစုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သိရသည်။       

ဘုန်းလင်္ကျာ(မင်းဘူး)