ရေဇွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၆

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရန်ချင်း ပြည်နယ်တောင်ပိုင်း ၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် မတူပီမြို့မှ ရေဇွာမြို့သို့ရောက်ရှိပြီး ရေဇွာတိုက်နယ် ဆေးရုံ ခွဲစိတ် ခန်းနှင့် သားဖွားခန်းပါ နှစ်ထပ်တိုးချဲ့ဆောင်ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေဇံက  လုပ်ငန်း ပိုင်းဆိုင်ရာများကို ရှင်းလင်းပြသသည်။

အဆိုပါတိုးချဲ့ဆောင်သည် အလျား ၉၅ ဒသမ ၆ ပေ၊ အနံပေ ၅၀ ရှိပြီး သံကူ ကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ကာ လုပ်ငန်းတစ်ခုလုံး တန်ဖိုးငွေကျပ် ၄၇၂ ဒသမ ၃၆ သန်း ဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဒုတိယသမ္မတသည် ရေဇွာမြို့  လမ်းဦးစီးရိပ်သာသို့ ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် (Mission Aviation Fellowship-MAF) Site Manager, Mr. Terry တို့က လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ်ဆိုင်ရာ အချက်အလက်များ၊ လေယာဉ်ကွင်းငယ် တည်ဆောက်လျက် ရှိသည့်အခြေအနေ၊ လေယာဉ်ကွင်းငယ် တည်ဆောက်နေသည့် ပုံစံနှင့်  တည်ဆောက်ပြီးစီးမှု အခြေအနေ၊ လိုင်လင်းပီလေယာဉ်ပြေးလမ်းအတွက် လိုအပ်သည့် ကျောက်ထုတ်ကျောက်ခွဲခြင်း လုပ်ငန်းအခြေအနေ၊ လိုင်လင်းပီလေယာဉ်ကွင်းငယ် ဝန်းကျင် ပတ်လည်တွင် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင် ရွက်ထားသည့် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြကြရာ ဒုတိယသမ္မတက လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ် တည်ဆောက်ရေးကို သတ်မှတ်အချိန်မီ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ကြိုးပမ်းတည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားသည်။

အဆိုပါ လိုင်လင်းပီ လေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၉၅၀ ရှိကြောင်း၊ ပြေးလမ်းအရှည်ပေ ၂၅၀၀၊ အကျယ်ပေ ၅၀ ရှိပြီးပြေးလမ်းမှာ Flexible Pavement အမျိုးအစားဖြစ်ကြောင်း၊ ပြေးလမ်းခံနိုင်ရည်မှာ ၅၇၀၀ ကီလိုဖြစ်ပြီး Caravan Cessna လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်သည့် ဒေသခံ ပြည်သူများ သွားလာမှုလွယ်ကူစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်  ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ပြီး  ၇၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလိုင်လင်းပီလေယာဉ်ကွင်းကို (Mission Aviation Fellowship-MAF) ၏ ထောက်ပံ့ ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတသည် မတူပီ မြို့နယ်   ရမ်းစီးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဂန့်ဂေါမြို့သို့ ရောက်ရှိကြကြောင်း သိရသည်။