ကမ္ဘာတစ်ဝန်းက အသန့်ရှင်းဆုံးသောမြို့များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်းဆိုသလို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေထုအရည်အသွေး တွေကို တိုင်းတာလေ့ရှိပါတယ်။ ဒီလိုတိုင်းတာရာမှာ နိုင်ငံအနည်းငယ်ကသာ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျှော့ချကာ လေထုညစ်ညမ်းမှုနည်းပါးအောင် အကောင်းဆုံးဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေရေး မူဝါဒတွေကို ဦးစားပေး ချမှတ်ထားတာလည်း တွေ့ရပါတယ်။

အဲဒီနိုင်ငံတွေထဲမှာမှ အသန့်ရှင်းဆုံးသော မြို့ငါးမြို့ကို  ဒီတစ်ပတ်ရဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍကနေ တင်ဆက်လိုက်ပါတယ်။ အသန့်ရှင်းဆုံးသောမြို့တွေကို အဆင့်သတ်မှတ်နိုင်ဖို့ အတွက် အမှိုက်စွန့်ပစ်မှုစနစ်၊ ရေရရှိနိုင်မှုနဲ့သောက်သုံးနိုင်မှု၊ ရေနုတ်မြောင်းစနစ်အရည်အသွေး၊ ယာဉ်ကြောပိတ်မှုနဲ့ လေထုညစ်ညမ်းမှုလိုမျိုး အကြောင်းအရာတွေကို အခြေခံပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။

 

ကနေဒါနိုင်ငံက ကယ်ဂရီမြို့

ကယ်ဂရီမြို့ဆိုတာ ကနေဒါနိုင်ငံ အယ်ဘာဒါပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး နိုင်ငံရဲ့လောင်စာဆီ ထွက်ရှိရာမြို့တော်ကြီးဖြစ်ပါတယ်။  ကယ်ဂရီမြို့ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးမြို့တစ်မြို့အဖြစ်   အပြောင်းအလဲမရှိ စဉ်ဆက်မပြတ် ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ အဲဒီမြို့က အမှိုက်စွန့်ပစ်မှုကို အဓိကထားပြီး ကိုင်တွယ်ဖြေရှင်းတာပါ။ လမ်းမပေါ်ကို စီးကရက်ဖင်စီခံတွေ ဒါမှမဟုတ် ကားထဲကနေ အမှိုက်တွေစွန့်ပစ်ခဲ့တာတွေ့ရင် ဒဏ်ရိုက်ပါတယ်။ ကယ်ဂရီမြို့ မှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ပိုင်ပရဟိတအဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ဟာ ဥပမာ အားဖြင့် အမှိုက်မထွက်ရှိတဲ့ နေ့လယ်စာထမင်းဘူးကို ဘယ်လိုထုပ်ရမလဲဆိုတဲ့ အစိမ်းရောင် ဘဝနေထိုင်မှုပုံစံတွေကို သင်ကြားပေးပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ အမှိုက်စွန့်ပစ်မှု ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကယ်ဂရီမြို့က ရည်မှန်းထားပါတယ်။

ဒိန်းမတ်နိုင်ငံက ကိုပင်ဂေဟင်မြို့

 

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မြို့ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးမြို့ တစ်မြို့ထဲမှာ ပါဝင် ပါတယ်။ အစိုးရကိုယ်တိုင်က ရေအရည်အသွေးထိန်းသိမ်းမှုနဲ့ လေထုနဲ့ရေထုညစ်ညမ်းမှု တွေကို လျှော့ချဖို့ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုရဲ့ရလဒ်က ကမ်းနားတစ်လျှောက်မှာ ရှိတဲ့ရေပြင်ဟာ အမြဲတမ်းကြည်လင်နေတာဖြစ်ပြီး ဘယ်သူမဆို စိတ်သန့်သန့်နဲ့ကို ရေကူးနိုင် တာပါပဲ။

ဒါ့အပြင် ကိုပင်ဟေဂင်မြို့ဟာ အမှိုက်စွန့်ပစ်မှုလျှော့ချရေးနဲ့ အမှိုက်စွန့်ပစ်မှုစနစ်အတွက် ရှေ့ပြေးစီမံကိန်း တွေကိုလည်း အကောင်အထည်ဖော်ထားပါတယ်။ ပြည်သူတွေအားလုံး ကလည်း အစိုးရရဲ့ရေရှည်တည်တံ့မှုရှိ မယ့်လုပ်ဆောင်ချက်တွေကို လက်ခံယုံကြည်ပါတယ်။ အခုဆိုရင် ဘတ်စကားတွေဟာ လျှစ်စစ်စွမ်းအင်သုံးနေရပြီး လမ်းမအများအပြားဟာ ဆိုရင်လည်း စက်ဘီးတွေကိုသာ စီးခွင့်ပေးထားပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကင်းစင်တဲ့မြို့ ဖြစ်စေဖို့ ရည်မှန်းထားပါတယ်။

 

စင်ကာပူမြို့ပြနိုင်ငံ

စင်ကာပူဟာ နိုင်ငံလည်းဟုတ်သလို မြို့ဆိုရင်လည်းမမှားတဲ့ မြို့ပြနိုင်ငံဖြစ်ပေမယ့် အာရှဒေသရဲ့ အသန့်ရှင်းဆုံးမြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အမှိုက်စွန့်ပစ်မှုအတွက်  အတင်းကျပ်ဆုံးသော စည်းမျဉ်းတွေလည်း ထုတ်ပြန်ထားပါတယ်။ ဥပမာအားဖြင့် လမ်းသွား လမ်းလာ တစ်ယောက်ဟာ အများနဲ့သက်ဆိုင်တဲ့နေရာမှာ တံတွေးထွေးမိရင်တောင်မှ ဒဏ်ရိုက်ခံရပါတယ်။ ပထမဆုံးအကြိမ် အမှိုက်စွန့်ပစ်သူတွေဆိုရင်တော့ စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ငွေဆောင်ရပြီး အလားတူပြစ်မှုကို နောက်တစ်ကြိမ်ကျူးလွန်သူဆိုရင် ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ရိုက်ခံရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်းမှာဆိုရင်လည်း အစိမ်းရောင် သဘာဝပတ်ဝန်းကျင် ဖြစ်လာရေး အတွက် စည်းရုံးလှုံ့ဆော်မှုအမျိုးမျိုးကို လုပ်ခဲ့တာကြောင့် အခုဆိုရင် မြို့မှာရှိတဲ့ မြစ်ရေတွေဟာ အလွန်တရာသန့်ရှင်းပြီး သောက်ရေအဖြစ်တောင် သောက်သုံးလို့ရနေပါပြီ။

 

ဟာဝိုင်ယီပြည်နယ်ထဲက ဟိုနိုလူလူ

 

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်မှာရှိတဲ့ ဟိုနိုလူလူမြို့ဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ စက်မှုလုပ်ငန်းတွေ မရှိသလောက်နည်းပါးတာမို့ ကမ္ဘာ့အသန့်ရှင်းဆုံးမြို့အဖြစ် စာရင်းဝင် ပါတယ်။ အမေရိကန်အဆုတ်ရောဂါဆိုင်ရာအဖွဲ့အစည်းရဲ့ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရဆိုရင် ဟာဝိုင်ယီပြည်နယ်ရဲ့ လေထုအရည်အသွေးဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဟိုနိုလူလူမြို့ဟာ ကမ္ဘာပေါ်မှာရေနုတ်မြောင်းစနစ်အကောင်းဆုံးသောမြို့အဖြစ် ၂၀၁၈ ခုနှစ်မှာ စာရင်းဝင်ထားပါတယ်။ ဒီလိုအဆင့်(၁)ဆိုတဲ့နေရာကိုရရှိနိုင်ဖို့ အမှိုက်စွန့်ပစ်မှုနဲ့ ရေနုတ်မြောင်းစနစ်၊ ကူးစက်ရောဂါဖြစ်ပွားမှုပမာဏ၊ လေထုညစ်ညမ်းမှု၊ ရေရရှိနိုင်မှုနဲ့ ရေအရည်အသွေးတို့အပေါ် မူတည်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့မြို့တော် ဟယ်ဆင်ကီ

ဟယ်ဆင်ကီမြို့ဟာ  ဖင်လန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး မြို့နေပြည်သူလူထုက သဘာဝ ပတ်ဝန်းကျင်ကို  ထိန်းသိမ်းဖို့နဲ့ အမှိုက်စွန့်ပစ်မှုကိုကာကွယ်ဖို့ ကတိပြုထားကြပါတယ်။ အစိုးရကလည်း လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို လျှော့ချပေးနိုင်ရေးအတွက် ကျယ်ပြန့်ပြီးစွမ်းအင် ချွေတာမှုရှိတဲ့ စနစ်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော်နေပါတယ်။  သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ခိုင်းတဲ့  အစိုးရတိုက်တွန်းမှုကိုလည်း ပြည်သူတွေက လိုက်နာကြပြီး ကားတွေနေရာမှာ စက်ဘီးတွေကိုအစား ထိုးလာကြပါတယ်။

ဟယ်ဆင်ကီမြို့မှာ စက်ဘီးစီးသမားတွေအတွက် ခင်းပေးထားတဲ့လမ်း မိုင်ပေါင်း ၂၄၀၀ ရှိပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ မြို့နေပြည်သူတွေအနေနဲ့ မော်တော်ကားပိုင်ဆိုင်မှု မရှိရစေဖို့ အစိုးရကရည်မှန်းထားပါတယ်။ ဟယ်ဆင်ကီမြို့ဟာ ဖင်လန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ လေထုအသန့်ရှင်းဆုံးမြို့ ဖြစ်နေပါတယ်။ ရေဆိုရင်လည်း ရေပိုက်ခေါင်းက ကျလာတဲ့ရေကို ချက်ချင်းသောက်နိုင်တဲ့အထိ သန့်ရှင်းပါတယ်။ ၂၀၃၅ ခုနှစ် အရောက်မှာတော့ ကာဗွန်ဓာတ်ငွေ့ကင်းစင်တဲ့မြို့ ဖြစ်လာစေဖို့ တာဝန်ရှိသူတွေက ရည်မှန်း ထားပါတယ်။