သာကေတမြို့နယ်ရှိ မိကျောင်းမွေးမြူရေးစခန်းကို ယာယီပိတ်ထား

COVID-19 ရောဂါကူးစက်မှု ပိုမိုများပြားလာသည့်အတွက် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ မိကျောင်းမွေးမြူရေးစခန်း ကို စက်တင်ဘာ ၈ ရက်မှစ၍ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း အဆိုပါစခန်း    ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းလှိုင်၏ပြောဆိုချက်အရ သိရသည်။

“မိကျောင်း မွေးမြူရေးစခန်းကို စက်တင်ဘာ ၈ ရက်ကစပြီး ယာယီ ပိတ်လိုက်ပါပြီ။ Stay at Home မြို့နယ်ထဲမှာ သာကေတလည်း ပါတယ်ဆိုတော့ COVID-19 ရောဂါအခြေအနေ တည်ငြိမ်ပြီး သက်ဆိုင်ရာက ပြန်ဖွင့်ခွင့်ပြုတဲ့အခါမှ ပြန်ဖွင့်ပေးမှာပါ။ အခုမိကျောင်းအစာကို ငါးချဆိပ်ကမ်း သင်္ဘောတွေနဲ့ ချိတ်ဆက်ပြီး ကျွေးနေပါတယ်”ဟု ဒေါက်တာမျိုးမင်းလှိုင်က ပြောသည်။

အဆိုပါ မိကျောင်းမွေးမြူရေးစခန်း၌ မိကျောင်းအကောင်ရေ ၅၄၉ ကောင် မွေးမြူထားပြီး လာရောက်လေ့လာသူများကို မိကျောင်းသရုပ်ပြခြင်း၊ မိကျောင်း သဘာဝကို ရှင်းပြခြင်းတို့ အပြင် မိကျောင်းနှင့်ပတ်သက်သည့် ပညာပေးဆိုင်းဘုတ်များ၊ ပညာပေးပိုစတာများရေးသား ထားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ပေးကြောင်းသိရသည်။                         

ဆုလာဘ်