တိုင်းပြည်အင်အားရှိဖို့ တပ်မတော်ကိုအင်အားဖြည့်ပေးနေတဲ့ တရုတ်ရဲ့ခြေတစ်လှမ်း

တရုတ်အစိုးရကတော့   သူ့နိုင်ငံကိုပြည်ပနိုင်ငံတွေရဲ့    စော်ကားမှုမခံရလေအောင်   တပ်မတော်ကို အဘက်ဘက်ကအဆင့်မြှင့်တင်လာခဲ့တာ ယနေ့ထိတိုင်မရပ်မနားပါပဲ။ အမေရိကန်ဘက်က အင်ဒို-ပစိဖိတ်ဒေသမှာ သူ့ရဲ့အာဏာတည်ဆောက်ရေးအတွက် တရုတ်ကို အဲဒီဒေသကနေရှင်းထုတ်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းနေပါတယ်။ အကြောင်းပြထားတာကတော့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖော်ဆောင်ရေးဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်အစိုးရအနေနဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို အလွယ်တကူ လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူသည်လည်း စီးပွားရေးအရရော၊ စစ်ရေးအရမှာပါ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်နေလို့ပါပဲ။

ဒါကြောင့် တရုတ်နိုင်ငံဟာ သူ့နိုင်ငံအနေနဲ့ အင်အားရှိစေဖို့အတွက် တပ်မတော်အင်အားရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ တည်ဆောက်လာတာပါ။ တရုတ်နိုင်ငံရဲ့ အဓိက အားသာချက်ကတော့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို အကောင်းဆုံး တီထွင်ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဒုံးကျည်တွေကို စစ်ဖြစ်ချိန်မှလွဲ၍ အချိန်တိုင်းအသုံးပြုနေလို့ မရပါဘူး။ သို့သော် ကိုယ့်နိုင်ငံကို သူများက လာမစော်ကားစေရေးအတွက် အဟန့်တစ်ခုအနေနဲ့တော့ ရှိပါတယ်။ ဒါဆိုရင် ဘယ်လိုအရာက ကိုယ့်ရဲ့စစ်အင်အားကို အချိန်တိုင်း ဖော်ပြပေးနိုင်တာလဲ။ စစ်ပညာမှာ ပင်လယ်ပြင်ကို စိုးမိုးနိုင်သူဟာ တစ်ပန်းသာတယ်ဆိုတဲ့အတိုင်း ကမ္ဘာ့နိုင်ငံကြီးတွေက ပင်လယ်ပြင် ကိုစိုးမိုး နိုင်ရေးအတွက်စဉ်ဆက်မပြတ်ကြိုးပမ်းလာကြတာတွေ့ရမှာပါ။

ဒီအထဲမှာ တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရေတပ်ဟာ စစ်ရေယာဉ်တွေကိုသင်္ဘောကျင်းတွေကနေ အုံနဲ့ကျင်းနဲ့ တည်ဆောက် ထုတ်လုပ်နေသလို ပင်လယ်ပြင်တိုက်ခိုက်ရေးအုပ်တွေဖြစ်တဲ့ လေယာဉ်တင်သင်္ဘောတွေကိုလည်း တည်ဆောက်နေပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံက ပိုင်ဆိုင်တဲ့လေယာဉ်တင်သင်္ဘော နှစ်စင်းရှိ ပါတယ်။ ပထမတစ်စင်းက ၁၉၉၈ ခုနှစ်မှာ ယူက ရိန်းနိုင်ငံကနေဝယ်ယူပြီး ပြန်လည်ပြင်ဆင်ထားတဲ့ လျောင်နင်လေယာဉ်တင်သင်္ဘောပါ။

ဒုတိယတစ်စင်းကတော့ ပြည်တွင်းမှာပဲ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရှန်းတုံလေယာဉ်တင် သင်္ဘော ပါ။ သူ့ကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာရေချပြီး အခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပါ တယ်။ ဒီနှစ်အကုန်မှာတော့ စစ်ဆင်ရေး လုပ်ငန်းတွေအတွက် အသုံးပြုတော့မှာပါ။ ရှန်းတုံပြီးရင် နောက်ထပ်လေယာဉ်တင်သင်္ဘောတစ်စင်းတည်ဆောက်နေတယ်လို့သာ  အရင်ကသိခဲ့ရပါတယ်။ အခုတော့ နောက်ထပ်တည်ဆောက်နေတဲ့ လေယာဉ်တင်သင်္ဘော နှစ်စင်းရှိတယ်လို့ တရုတ် တပ်မတော်ရဲ့ သုတေသနဌာနမှာ အလုပ်လုပ်နေတဲ့ ပညာရှင်တစ်ဦးက အတည်ပြုလိုက်ပါပြီ။ တရုတ်တပ်မတော်က တတိယနဲ့ စတုတ္ထလေယာဉ်တင်သင်္ဘောတွေကို ဆက်လက်တည်ဆောက် နေတယ်လို့ ရေတပ်ရဲ့ တပ်မတော်သုတေသနဌာနမှ အကြီးတန်းသုတေသနပညာရှင် ပါမောက္ခ လီကျီးက နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ပညာရေးအခမ်းအနားတစ်ခုမှာပြောပါတယ်။

ဒီလေယာဉ်တင် သင်္ဘောတွေမှာပြောင်းလဲလာမယ့်အရာ တစ်ခုကတော့ လေယာဉ်ကို အရှိန်နဲ့ တွန်းထုတ်ပေးမယ့် ကိရိယာတွေ ပါဝင်လာမှာဖြစ်ပါတယ်။ လက်ရှိလေယာဉ်တင် သင်္ဘောတွေမှာ တော့ လေယာဉ်ကို ပြေးလမ်းတိုတိုမှာ အရှိန်နဲ့အပေါ် တက်နိုင်ရေးအတွက်    ဦးပိုင်းဆင်ခြေလျှော ပုံစံထည့်သွင်းထားတာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလေယာဉ်တင် သင်္ဘောတွေဟာ ပထမနှစ်စင်း လိုပဲ သမားရိုးကျလောင်စာ စွမ်းအင်သုံး မဟုတ်ဘဲ တခြားစွမ်းအင်တွေ အသုံးပြုလာနိုင်ပါတယ်။  ဖြစ်နိုင်ခြေ အများဆုံးကတော့ နျူကလီးယားစွမ်းအင်ပါ။ ဘာကြောင့်လဲဆိုရင် နောက်ထပ်လေယာဉ် တင်သင်္ဘောတွေဟာ အဓိကအရေးပါတဲ့ ပြောင်းလဲမှုတွေ လုပ်လာနိုင်တယ်ဆိုပြီး လီကျီးက ပြောထားလို့ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ရေတပ်ဟာ သူ့မှာ လေယာဉ်တင်သ င်္ဘောလေးစင်းပါဝင်တဲ့ တိုက်ခိုက်ရေးအုပ် တစ်ခုကို မကြာခင်နှစ် အနည်းငယ်အတွင်းမှာပိုင်ဆိုင်ရဖို့ရှိနေပါတယ်။ စတုတ္ထမြောက်လေယာဉ်တင် သင်္ဘောကတော့ ဘယ်အချိန်မှာ တိုက်ပွဲဝင်အသင့်ဖြစ်မယ်ဆိုတာ မသိရသေးပေမယ့် တတိယ မြောက် လေယာဉ်တင် သင်္ဘောကတော့ ၂၀၂၅ ခုနှစ်မှာ တိုက်ပွဲဝင်အသင့် ဖြစ်လာနိုင်တယ်လို့ စစ်လက်နက်ပစ္စည်းသိပ္ပံနှင့် နည်းပညာဂျာနယ်က  ဖော်ပြထားပါတယ်။ မကြာသေးမီက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကထုတ်တဲ့ တရုတ်တပ်မတော်ရဲ့ စစ်အင်အားအစီရင်ခံစာမှာတော့ တတိယမြောက် လေယာဉ်တင်သင်္ဘောဟာ ၂၀၂၄ ခုနှစ်မှာ စစ်ဆင်ရေးစတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အဲဒီနောက်မှာ နောက်ထပ်လေယာဉ်တင်သ င်္ဘောတွေ ထပ်မံပေါ်ထွက်လာမယ်လို့ ဖော်ပြ ထားပါတယ်။

လေယာဉ်တင်သင်္ဘောတွေကို ပိုင်ဆိုင်ခြင်းအားဖြင့် မိမိနိုင်ငံရဲ့ ကမ်းခြေကနေ စစ်ဆင်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ပေး နိုင်ပါလိမ့်မယ်။ ပိုင်နက်ပင်လယ်ပြင်အတွင်း ဝေဟင်ပိုင်နက်ကိုလည်း   ပိုမိုလွှမ်းခြုံကာကွယ်နိုင်ပါလိမ့်မယ်။ အကောင်းဆုံးရလဒ်ကတော့ ပင်လယ်ပြင်ထဲမှာ ရွေ့လျား လေတပ်အခြေစိုက်စခန်း ဖွင့်ထားသလိုမျိုးဖြစ်တဲ့အတွက် တော်ရုံတန်ရုံအားဖြင့်     ကိုယ့်နိုင်ငံကို ဘယ်သူကမှ လာမစော်ကားရဲတော့ပါဘူး။ ကိုယ့်ရဲ့စစ်အင်အားကိုလည်း အချိန်တိုင်း ဖော်ပြထားနိုင် ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီလိုမျိုးလေယာဉ်တင် သင်္ဘောတွေကို ဆက်တိုက်ပိုင်ဆိုင် လာနိုင်ခြင်း ဟာ ဘာကိုဖော်ပြနေလဲဆိုရင် သူတို့အနေနဲ့ဒေသတွင်းသာမက ကမ္ဘာ့ပင်လယ်ပြင်ကိုပါ လွှမ်းမိုးလာ နိုင်ပြီး အမေရိကန်နိုင်ငံကို တန်ပြန်နိုင်စွမ်းရှိလာတယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒါကြောင့် တရုတ် အစိုးရအနေနဲ့ အခုလိုမျိုးလေယာဉ်တင်သင်္ဘောတွေကို ဆက်တိုက်တည်ဆောက်လာခြင်းက တိုင်းပြည် အင်အားရှိဖို့အတွက် တပ်မတော်ကိုအင်အားရှိအောင်တည်ဆောက်ပေးနေတဲ့ ခြေလှမ်း ပေါင်းများစွာထဲက တစ်ခုပဲဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: Caixin Global