တောင်ကိုရီးယားကုမ္ပဏီတစ်ခုက COVID-19 ရောဂါအတွက် ပဋိပစ္စည်းဆေးကို ယခုလ အတွင်း စီးပွားဖြစ်ထုတ်လုပ်မည်

တောင်ကိုရီးယားနိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် ဆဲထရီယွန် ကုမ္ပဏီ သည် ကိုဗစ်-၁၉ ရောဂါအတွက် စမ်းသပ်ဆဲပဋိပစ္စည်းဆေးကို ယခုလအတွင်း စီးပွားဖြစ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၈ ရက်တွင်ပြောသည်။ သို့သော် လက်ရှိတွင် ထိုဆေးကို လက်တွေ့ စမ်းသပ်နေဆဲဖြစ်သည်။ တာဝန်ရှိသူများအနေဖြင့် ထိုပဋိ ပစ္စည်းဆေးကို ကိုဗစ်-၁၉ လူနာများတွင် အရေးပေါ်အသုံးပြုခွင့်ပေးရန် ဆဲထရီယွန် ကုမ္ပဏီ က မကြာမီ တောင်းဆိုသွားမည်ဖြစ်ပြီး တရားဝင် ထောက်ခံချက် မရမီမှာပင် ဆေးအလုံးရေ တစ်သန်းခန့်ကို ဦးစွာထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဋိပစ္စည်းဆေးသည် ဇူလိုင်လတွင် လူသားများဖြင့် လက်တွေ့ စမ်းသပ်မှုလုပ်ခွင့်ရ ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော ကိုဗစ်-၁၉ ရောဂါကုသရေး ပဋိပစ္စည်း ဆေး ဖြစ်လာသည်။ ဆဲထရီယွန်ကုမ္ပဏီသည် ထိုဆေး၏ပထမအဆင့် လက်တွေ့စမ်းသပ်မှု ကို  နိုင်ငံအတွင်းရှိ စေတနာ့ဝန်ထမ်း ၃၂ ဦးဖြင့် လုပ်ဆောင်ထားပြီးဖြစ်ကာ နောက်ထပ် လက်တွေ့စမ်းသပ်မှုများ မလုပ်မီ စေတနာ့ဝန်ထမ်း ကိုးဦးဖြင့် နောက်ထပ် ပထမအဆင့် လက်တွေ့ စမ်းသပ်မှုကိုလည်း လုပ်ဆောင်နေသည်။ ထို့ပြင် ပြည်ပ၌ လက်တွေ့စမ်းသပ်မှု များအနေဖြင့် ဗြိတိန်နိုင်ငံ၌လုပ်ဆောင်နေခြင်းဖြစ်ကာ ယင်းနောက်တွင် ရောဂါလက္ခဏာ မပြင်းထန်သော လူနာများဖြင့် ဒုတိယနှင့် တတိယအဆင့် လက်တွေ့စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Ref: The Straits Times