COVID-19 အဆုတ်ရောင်ရောဂါနှင့် ကလေးသူငယ်များ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 အဆုတ်ရောင်ရောဂါမှာ  ယနေ့ အချိန်ကာလအထိ ကမ္ဘာ့လူသားများအား ခြောက်လှန့်ဆဲဖြစ်ပါသည်။ COVID-19 အဆုတ်ရောင် ရောဂါမှာ  SARS-CoV-2 အမည်ရသည့် ဗိုင်းရပ်ပိုးသစ်ကြောင့်ဖြစ်ရသည့် COVID-19 ရောဂါမှာ  အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ အသားအရောင်မရွေး ကူးစက်ပျံ့နှံ့စေတတ်ကြောင်း၊ နောက်ခံရောဂါရှိသည့် လူနာများကို ပိုမိုသေကျေစေတတ်ကြောင်းကိုလည်း အများသိရှိကြပြီး ဖြစ်သည်။

ယခုဆောင်းပါးတွင် COVID-19 အဆုတ်ရောင်ရောဂါ၏ ကလေးငယ်များအပေါ် အန္တရာယ် ပြုနိုင်ခြေကို သုတေသနများအခြေခံလျက် တင်ပြလိုသည်။ ကမ္ဘာတစ်ဝန်းမှထွက်ရှိထားသည့် COVID-19 ကူးစက်ခံရသူ ကလေးငယ်များနှင့်ပတ်သက်သည့် သုတေသနများကို  လေ့လာ ကြည့်သည့်အခါ သုတေသနတစ်ခုချင်းစီအပေါ်မူတည်လျက် ကလေးငယ်များတွင် COVID-19 ရောဂါပိုးကူးစက်ခံရမှုမှာ သုညဒသမ ၃၉ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကွဲပြား ခြားနားစွာရှိနေကြောင်း တွေ့ရှိရသည်။ အသက် ၁၅ နှစ်အောက်ကလေးငယ်များ၏ သုည ဒသမ ၉ ရာခိုင်နှုန်းတွင်သာလျှင် COVID-19 ကူးစက်ခံရခြင်းရှိကြောင်း တွေ့ရှိရသည်။

COVID-19 သည် များသောအားဖြင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်ခြင်းဖြစ်သော်လည်း ကလေးငယ်များထံမှတစ်ဆင့် ကူးစက်သည့် COVID-19 ဗိုင်းရပ်ပိုးများမှာ မစင်၊ အညစ်အကြေး များမှ ဖြစ်နိုင်ကြောင်း   သုံးသပ်ချက်တချို့လည်းရှိသည်။ နှာခေါင်းနှင့် အာခေါင်တို့ဖတ်(Nasal swab) ရလဒ်များ Negative ဖြစ်သွားပြီး နောက်ထပ် လေးရက်တိုင်အောင် COVID-19 ဗိုင်းရပ် ပိုးများမှာ လူတို့၏ မစင်အညစ်အကြေးများတွင် ပါဝင်နေကြောင်း တွေ့ရှိရသည်။ ထို့အတွက် ကြောင့် အညစ်အကြေးသန့်စင်ရန် လူကြီးမိဘများအကူအညီယူနေရသည့် အရွယ်ကလေး ငယ်များ ထံမှ COVID-19 ကူးစက်နိုင်ခြေ ရှိကြောင်း သတိချပ်ကြဖို့ဖြစ်သည်။

COVID-19 ဗိုင်းရပ်ပိုးသည်များများ ပိုစစ်နိုင်လေလေ၊ များများပိုးတွေ့လေလေဟူသည့် ဝိသေသ ရှိသည်။ တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ပိုးတွေ့သူ စုစုပေါင်း (လူကြီး၊ ကလေး အားလုံး) ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်နေကြောင်း တွေ့ရှိရသည်။  ၎င်းသုတေသန တွင် တောင်ကိုရီးယားနိုင်ငံသားကလေးငယ်များ၏ ၁၈ ရာခိုင်နှုန်းအထိ ပါဝင်စစ်ဆေးခဲ့ကြောင်း  သိရသည်။ တရုတ်နိုင်ငံမှ ပြုလုပ်ခဲ့သည့်သုတေသန တစ်ခုတွင် ကလေးငယ် ၁၃၉၁ ဦးအား စစ်ဆေးသည့်အခါ COVID-19 ပိုးရှိသူ ၁၇၁ ဦး(၁၂  ဒသမ ၃ ရာခိုင်နှုန်း)တွေ့ရှိရသည်။ ပိုးတွေ့ ရှိရသူ ကလေးငယ်များ၏ ပျမ်းမျှအသက်အရွယ်မှာ ၆ ဒသမ ၇ နှစ်ဖြစ်သည်။ ကလေးငယ် များတွင်ဖြစ်ပေါ်လေ့ရှိသည့် COVID-19 လက္ခဏာများ COVID-19 အဆုတ်ရောင်ရောဂါ၏  အခြေခံ လက္ခဏာ လေးရပ်ရှိသည်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊  မောပန်းခြင်းနှင့်  အားအင် ကုန်ခန်းခြင်းတို့ဖြစ်သည်။ ကလေးငယ်များတွင်လည်း လူကြီးများကဲ့သို့ပင် အထက်ပါလက္ခဏာ များ ခံစားကြရလေ့ရှိသည်။ ရောဂါလက္ခဏာပြသည့် ကလေးငယ်များ၏ ၄၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းမှာ ကိုယ်အပူချိန်တက်သည့် လက္ခဏာကို ခံစားကြရသည်။ ချောင်းဆိုး၊ နှာစေးခြင်းနှင့် လည်ပင်းနာခြင်းတို့မှာလည်း ကလေးငယ်များတွင် အဖြစ်များသည်။

ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းစသည့် အစာအိမ်အူလမ်းကြောင်း လက္ခဏာများမှာ COVID-19 ကူးစက်ခံရသူ ကလေးငယ်များ၏ ၁၀ ရာခိုင်နှုန်းခန့်တွင်ဖြစ်ပွားလေ့ရှိသည်။ နှလုံးကြွက်သားရောင်ရမ်းပြီး နှလုံးစည်းချက် မမှန်သည့် လက္ခဏာများလည်း ဖြစ်ပေါ်တတ် သည်ဆိုသော်ငြား သိသာထင်ရှားစွာ များပြားခြင်းမရှိဟုဆိုသည်။ တရုတ်ပြည်တွင်ပြုလုပ်သည့် COVID-19 ဗိုင်းရပ် ပိုးကူးစက်ခံရသူ ကလေးငယ် ၂၁၄၃ ဦးပါဝင်သည့်  သုတေသနအရ ၎င်းကလေးငယ်များ၏ ၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ လုံးဝပြသခြင်းမရှိဘဲ ၅၅ ဒသမ ၃ ရာခိုင်နှုန်းမှာတော့ နှာစေးအအေးမိ၊ လည်ပင်းနာ စသည့် လက္ခဏာအပျော့စားများသာ ရှိကြောင်းတွေ့ရသည်။ COVID-19 ကူးစက်ခံ ကလေးငယ်များမှာ လူကြီးများလောက် ရောဂါ လက္ခဏာပြင်းထန်လေ့မရှိဘဲ သေဆုံးမှုလည်း နည်းပါးကြောင်း သုတေသနအားလုံးက တညီတညွတ်တည်း  ဆိုထားကြသည်။ လက်ရှိကာလအထိ COVID-19 ကူးစက်ခံရသူ   လူကြီးများ၏သေဆုံးမှုနှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်သည်။

ကလေးငယ်များတွင် COVID-19 ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရစေနိုင်သည့် နောက်ခံ အကြောင်းရင်းများ  

အဝလွန်သည့်ကလေးငယ်များ၊ ဆီးချိုရောဂါ ရှိသည့် ကလေးငယ်များ၊ နာတာရှည် အဆုတ် ရောင်၊ အဆုတ်ပွ၊ ပန်းနာရင်ကျပ်ကဲ့သို့ အဆုတ်ရောဂါရှိသည့် ကလေးငယ်များ၊ ကျောက်ကပ် ရောဂါရှိ သူများ၊ HIV ပိုးကူးစက်ခံ ကလေးငယ်များတွင် COVID-19 အဆုတ်ရောင် ရောဂါ ဖြစ်ပွားပါက ARDS ဟုခေါ်သည့် ရုတ်တရက်အဆုတ်ပျက်စီး ခြင်းရောဂါစုမှာ COVID-19 ပိုး စတင်ကူးစက်ခံရသည်မှ တစ်ပတ်အတွင်းဖြစ်ပေါ်လာနိုင်ပြီး အသက်ဆုံးရှုံးနိုင်သဖြင့် ထိုသို့သော လူနာအုပ်စုများတွင် COVID-19 ပိုးကူးစက်ခံရခြင်းကို ချက်ချင်းသတိပြု မိဖို့လိုအပ်သည်။ COVID-19 အဆုတ်ရောင်ရောဂါပြင်းထန်စွာ ခံစားရနိုင်သည့်အုပ်စုမှာ အသက် သုံးနှစ်အောက် ကလေးငယ်များဖြစ်ပြီး အထူးသဖြင့် မွေးကင်းစနှင့် တစ်နှစ်အောက်ကလေးငယ်များတွင် ပိုမို ပြင်းထန်နိုင်သည်။ COVID-19 ကူးစက်ခံရသူ ကလေးငယ် နှစ်ထောင်ကျော် ပါဝင်သည့် သုတေသန တစ်ခုတွင်ဆယ်လသားကလေးငယ်တစ်ဦးသာ အသက်ဆုံးရှုံးခဲ့ပြီး အူပိတ်ခြင်း ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရသည်။

အထူးမှတ်သားရန်မှာ ကိုယ်ဝန်ဆောင်မိခင်များ ဆေးလိပ်သောက်သုံးပါက မွေးကင်းစ ကလေးငယ်များမှာ နာတာရှည်အဆုတ်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး COVID-19 အဆုတ် ရောင်ရောဂါ၏ ဒဏ်ကိုပိုမို ခံစားကြရဖွယ်ရှိသည့် အချက်ဖြစ်သည်။

COVID-19 ကူးစက်ခံ ကလေးငယ်များ၏ အလားအလာ

ယနေ့အချိန်ထိ ပြုလုပ်ပြီးဖြစ်သော သုတေသနများအရ ကလေးငယ်များတွင် ဖြစ်ပွားသည့် COVID-19 မှာ လူကြီးများလောက် ရောဂါပြင်းထန်ခြင်း မရှိဘဲ လျင်မြန်စွာ ပြန်ကောင်းလေ့ရှိ ကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကလေးငယ်များ၏ အဆုတ်မျက်နှာပြင်တွင် ACE2 အမည်ရသည့် အသားဓာတ်မှာ လူကြီးများလောက် မပေါများ သေးသည့်အတွက် ရောဂါ ပြင်းထန်မှုလည်း အားနည်းရခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ တချို့သုတေသနများမှာတော့ ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေးဗိုင်းရပ် အမျိုးမျိုးမှာ အသက်ရှူ လမ်းကြောင်းအတွင်း နဂိုကတည်းက နေရာယူထားကြပြီး COVID-19 ဗိုင်းရပ်များကို ခံနိုင်ရည် ရှိစေဖို့ ကလေးငယ်များကို လေ့ကျင့်ထားပေးခြင်းဖြစ်နိုင်ကြောင်း ဆိုထားကြသည်။ တချို့ ကလေးငယ်များမှာ COVID-19 ဗိုင်းရပ်ပိုးနှင့် တခြားတုပ်ကွေးဗိုင်းရပ်များ ပြိုင်တူစစ်ဆေး တွေ့ရှိနေတာမျိုးလည်း ရှိနေသည်။

အချုပ်ဆိုရပါသော် COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားမှု၊ COVID-19 ဗိုင်းရပ်ပိုး စစ်ဆေးတွေ့ရှိမှုမှာ ကလေးငယ်များတွင် လူကြီးများထက် နည်းပါးနေသည် ဆိုသော်လည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ပိုးသယ်ဆောင် ဖြန့်ဝေနေသည့် ကလေးငယ်များစွာရှိ နေနိုင်ကြောင်း သတိချပ်ကြရပါမည်။ နောက်ခံရောဂါများရှိနေသည့် ကလေးငယ်များတွင် COVID-19 ရောဂါပိုး သံသယကြီးစွာထားပြီး ဆေးကုသမှု အမြန်ဆုံး ပေးနိုင်ဖို့လိုအပ်သည်။ ကလေးငယ်များမှ တစ်ဆင့် COVID-19 ကူးစက်ခြင်းမှာ အသက်ရှူလမ်းကြောင်းမှသာမက အစာအိမ်အူလမ်းကြောင်း အညစ်အကြေးများမှ တစ်ဆင့်ပါ ဖြစ်နိုင်ကြောင်း  သတိပြုမိကြဖို့ လိုအပ်သည်။ ကလေးငယ်များတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများကို ဆက်လက်သုတေသနပြုနေရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။