ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းစတင်ဖွင့်လှစ် ယာဉ်ကြီးယာဉ်ငယ်များသွားလာခွင့်ပြု

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းမှာ သြဂုတ် ၁၈ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကတ္တရာလမ်းပိုင်း မြေပြိုကျပျက်စီးခဲ့သဖြင့် လမ်းပြတ် တောက်မှု ဖြစ်ပွားရာမှစက်တင်ဘာ ၈ ရက်မွန်းလွဲပိုင်းမှစတင်ကာ မော်တော်ယာဉ်များ ပြန်လည်သွားလာခွင့်ပေးခဲ့ကြောင်း  ကန်ပိုက်တီမြို့ အုပ်ချုပ်ရေးမှူးထံမှသိရသည်။

“ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းမှာရှိတဲ့ ကီလိုမီတာ ၁၀၈ နဲ့ ၁၀၉ အကြား အရှည် ပေ ၁၅၀ လောက်ရှိတဲ့ကတ္တရာလမ်းပိုင်းက မြေသားတွေ ရေစီးနဲ့အကုန်ပြိုကျပျက်စီးခဲ့တာပါ။ အဲဒီလို လမ်းပျက်စီးတာကြောင့် ဝိုင်းမော်မြို့နယ် လမ်းဦးစီးဌာနကဆဒုံးမြို့အနီးက မြေစာပြိုကျတာ တွေကို ရှင်းလင်းပြီး တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ထိန်မင်း လမ်းဖောက်လုပ်ရေး ကုမ္ပဏီက တော့ ကန်ပိုက်တီမြို့မှာ ပျက်စီးမှုအများဆုံးဖြစ်တဲ့ ကတ္တရာလမ်းပြိုကျတဲ့အပိုင်းတွေကို ပြုပြင်ခဲ့တာပါ။ ပြင်ဆင်ချိန် ၂၁ ရက်ကြာခဲ့ပြီး ဒီနေ့တော့ ပြန်လည်သွားလာခွင့်ပြု သွားမှာပါ”ဟု   မြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က ပြောသည်။

အဆိုပါလမ်းပြင်ဆင် ဆောင်ရွက်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ကုမ္ပဏီက ထိန်ချုံးနိုင်ငံ တကာ ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းပြီး ပြင်ဆင်ခဲ့တာပါ။ ရာသီဥတုကြောင့် အခုလို ဖြစ်ပွားမှုဟာ အဆိုးရွားဆုံးဖြစ်ပွားခဲ့တာပါ။ ပြင်ဆင်မှုလုပ်ငန်းအတွက် ဘက်ဟိုးယာဉ်၊ လုပ်ဒါယာဉ်နဲ့ ကျောက်သယ်ယာဉ် ၁၆ စီးအသုံးပြုခဲ့ပါတယ်။ အခုလိုလမ်းပိုင်းပျက်စီးတာ ကြောင့် ကုန်ကျစရိတ်က တရုတ်ယွမ်ငွေသိန်း ၂၀၊ မြန်မာငွေကျပ်သိန်း ၄၀၀၀ လောက်ကုန် ကျခဲ့ပါတယ်”ဟု မြစ်ကြီးနားမြို့ ထိန်မင်းလမ်းဖောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံမစ္စတာ ရင်ဖော်ဟင်က ပြောသည်။

သဘာဝဘေးကြောင့် လမ်းပျက်သည့် ကာလအတွင်း မြန်မာနိုင်ငံမှ ထွက်ကုန်ဖြစ်သည့် တစ်သျှူး ငှက်ပျောနှင့် ခရီးသည်ယာဉ်အစီးရေ ၁၅၀ ကျော်ထိခိုက်နစ်နာမှုများရှိပြီး ယခုအခါ လမ်းပိုင်းပြင်ဆင်မှု ပြန်လည်ကောင်းမွန်လာသဖြင့် ကုန်စည်စီးဆင်းမှု ပြန်လည်မြန်ဆန် လာမည်ဖြစ်ပြီး ရပ်တန့်စောင့်ဆိုင်းလျက်ရှိသည့် မော်တော်ယာဉ်များမှာလည်း အချိန်နှင့် တစ်ပြေးညီ မောင်းနှင်ထွက်ခွာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)