လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုမှ စပါးနှင့်အခြားသီးနှံစိုက်ဧက ၆၀၀၀ ကျော်အား စိုက်ပျိုး ရေများပေးဝေလျက်ရှိ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၁၄ ခုမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် စပါးနှင့်အခြားသီးနှံ စိုက်ဧက ၆၀၀၀ ကျော်အတွက် လိုအပ် သည့်စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ချိုထံမှ သိရသည်။ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့ရှိ စပါးသီးနှံနှင့် အခြားသီးနှံ စိုက်ပျိုးသော တောင်သူများအား သီးနှံ အောင်မြင် ဖြစ်ထွန်းရေးအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေများပေးဝေ နေကြောင်းသိရသည်။

“မကွေးတိုင်းဒေသကြီးက အပူပိုင်းမိုးနည်းဒေသဖြစ်လို့ အခုနှစ်မိုးရာသီမှာ စိုက်ပျိုးတဲ့သီးနှံ တွေ မိုးခေါင်မှုဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။ လျှပ်စစ်မြစ်ရေတင် ရှိတဲ့ ဒေသကတော့မြစ်ရေတင်ကနေ ရေပေးဝေတာကြောင့် စိုက်ပျိုးသီးနှံတွေအောင်မြင် ဖြစ်ထွန်းလျက်ရှိပါတယ်။ ဒါကြောင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟာ တောင်သူတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေတဲ့လုပ်ငန်းဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ချိုက ပြောသည်။

ပခုက္ကူခရိုင်အတွင်းရှိ မင်းရွာ၊ မအူအောက်ဆိပ်၊ ဝါယာသာစည်(ဝါယာသာစည်တိုးချဲ့)၊ ရွှေချောင်း၊ သမန္တပို၊ ချစ်သူ၊သင့်သည်၊ ရွှေတန့်တစ်၊ ကြီးရွာ၊ ကုက္ကိုလှ၊နုံးပို့၊ ရေပြာ၊ စံဖဲ၊ ဆိပ်ဖြူအောက်ဆိပ်စသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုမှ ယခုနှစ်မိုးစပါးစိုက်ဧက ၇၁၀၇ ဧကနှင့်အခြား သီးနှံစိုက်ဧက ၃၉၅၃ ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း လက်ရှိ တွင် စပါးစိုက်ဧက၄၂၃၁ ဧကနှင့် အခြားသီးနှံစိုက်ဧက ၁၈၅၅ ဧက စုစုပေါင်းစိုက်ဧက ၆၀၈၆ ဧကကို စိုက်ပျိုးရေဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ်နွေရာသီကလည်း အဆိုပါလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုမှ နွေစပါးစိုက်ဧက ၁၆၆၂ ဧကနှင့် အခြားသီးနှံစိုက်ဧက ၅၀၀၂ ဧက စုစုပေါင်းစိုက်ဧက ၆၆၆၄ ဧကကို စိုက်ပျိုးရေများဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။   ဘုန်းလင်္ကျာ(မင်းဘူး)