သဘာဝရေပြင်နှင့်အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့် အင်း၊ ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၉ ရက်နံနက်ပိုင်းတွင် ကျောင်းကုန်း မြို့နယ် အမှတ်(၂) ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ကမ်းနားလမ်း၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသည် ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစွာစားသုံး နိုင်ရန်နှင့်  ငါးမျိုးပြုန်းတီးမှုမရှိစေရန်ရည်ရွယ်၍ သဘာဝရေပြင်နှင့်အင်း၊ ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်သည်။

ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဇော်လွင်တို့က သဘာဝရေပြင် ဖြစ်သည့် ဒါးကမြစ်နှင့် အင်း၊ ချောင်းများအတွင်း  ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များကို အခမ်းအနား တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအားပေးအပ်ပြီး စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

ထို့နောက် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးမြစ်ချင်းအကောင်ရေ ၂၅၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၁၀၀၀၀၀၊ ရွှေဝါငါးကြင်းကောင်ရေ ၁၀၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၄၅၀၀၀၀ အား သဘာဝရေပြင်ဖြစ်သည့် ဒါးကမြစ်နှင့်အင်း၊ ချောင်းများအတွင်း  စုပေါင်းငါးမျိုး စိုက်ထည့်ကြောင်း သိရသည်။