အောင်ဘာလေထီ ဈေးတင်ရောင်းချနေမှုများအား တိကျစွာအရေးယူနိုင်ရန် ထီဥပဒေကို လွှတ်တော်သို့ တင်ပြထား

အောင်ဘာလေထီ ဈေးတင်ရောင်းချနေမှုများအား တိကျစွာအရေးယူနိုင်ရန် ထီဥပဒေကို လွှတ်တော်သို့ တင်ပြထားဆဲဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။ အောင်ဘာလေထီဈေးနှုန်းများ  သတ်မှတ် ဈေးထက် ပို၍ရောင်းချခြင်းကို စစ်ဆေးအရေးယူနေသော်လည်း အားလုံးပပျောက်စေရန် မဆောင်ရွက်နိုင်သေးကြောင်းနှင့် အောင်ဘာလေထီဥပဒေအတည်ပြုပြီးပါက တိကျစွာ စစ်ဆေး အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အောင်ဘာလေထီဈေးတင်ရောင်းချနေတာကို နှစ်စဉ် စစ်ဆေးပြီး အရေးယူနေပါတယ်။ တိကျစွာ အရေးယူနိုင်ဖို့ ထီဥပဒေထွက်ရှိလာမှဖြစ်မှာပါ။ ဒီအတွက်လွှတ်တော်ကိုတင်ပြထား ပါတယ်။ စစ်ဆေးတဲ့အခါ ဈေးတင်ရောင်းတာတွေကိုတွေ့ရင် စပေါ်ငွေကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းတယ်။ ထီခွဲတမ်းတွေကိုလည်း လျှော့ချပစ်တယ်။ နောက်ပြီး ရောင်းချခွင့်ကို တစ်နှစ်ပိတ်သိမ်းမယ်။ ထီလက်မှတ်ဈေးတင်ရောင်းတာတွေကို ပြည်သူတွေအနေနဲ့လည်း   တွေ့ရင်တိုင်ကြားနိုင်ပါတယ်။ အခုက အမြင့်ဆုံးအနေနဲ့ ငွေကျပ် သိန်းတစ်သောင်းခွဲပေးအပ် တာဖြစ်လို့ ထီထိုးသူတွေလည်း အရင်ကထက် စိတ်ဝင်စားမှုရှိလာပါတယ်”ဟု ဦးမင်းထွဋ် က ပြောသည်။

ထီရောင်းချရန် စပေါ်ကို ထီတစ်အုပ်လျှင် ငွေကျပ် ၂၀၀ ပေးရပြီး သုံးလစာ ငွေကျပ် ၆၀၀ အပေါင်တင်ရမည်ဖြစ်သည်။ စပေါ်တင်ရာတွင် ဝယ်ယူမည့် ထီစာအုပ်အရေအတွက်အတိုင်း   စပေါ်တင်ရပြီး ထီကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရမည်ဟု သတ်မှတ်ထားကြောင်း၊ ထီဈေးတင်ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိပါက စပေါ်များကို ပြည်သူ့ဘဏ္ဍာအဖြစ သိမ်းယူပြီး ထီရောင်းချခွင့်ကို တစ်နှစ်ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ထီဈေးကွက်မှာ မိုးရာသီ ကာလတွင် ဝယ်လိုအားအနည်းငယ်ကျဆင်းပြီး ပွင့်လင်းရာသီတွင် ဝယ်လိုအားမြင့်တက် ကြောင်း သိရသည်။

စိုးမိုး