ကိုရိုနာဗိုင်းရပ် တစ်ခါကူးစက်ခံရပြီးလည်း နောက်တစ်ကြိမ်ကူးစက်ခံရနိုင်

လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ဖော်စပ်စမ်းသပ်နေဆဲဖြစ်တဲ့   ကိုရိုနာဗိုင်းရပ်ကာကွယ် ဆေး အမျိုးပေါင်း ၄၀၀ ကျော်ရှိတယ်လို့ မကြာသေးမီကောက်ယူတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီကာကွယ်ဆေးတွေရဲ့ အစောပိုင်းရလဒ်တွေကိုကြည့်ရင်လည်း သူတို့ဟာ ပဋိ ပစ္စည်းတုံ့ပြန်မှု အခြေအနေအမျိုးမျိုးကို ထွက်ပေါ်စေတာတွေ့ရပါတယ်။ ဒီနေရာမှာ ဘယ်သူမှ မဖြေရှင်းပေးနိုင်သေးတဲ့ မေးခွန်းတစ်ခုက အဲဒီကာကွယ်ဆေးတွေဟာ ကိုယ်ခံအားကို အချိန်ဘယ်လောက်ကြာတဲ့အထိ ရှိစေနိုင်လဲဆိုတာပါပဲ။ ဘာကြောင့်လဲဆိုရင် အခုနောက်ပိုင်းလုပ်လာတဲ့ သုတေသနအများအပြားမှာ တချို့လူနာတွေဟာ အချိန်တို အတွင်းမှာ ရောဂါပြီးပဋိပစ္စည်းတွေ အလွယ်တကူနဲ့ ကုန်ဆုံးသွားတာကို တွေ့ရလို့ပါပဲ။ တရုတ်နိုင်ငံ ချုံချင်းမြို့မှာရှိတဲ့ တပ်မတော်ဆေးတက္ကသိုလ် ကိုယ်ခံအားပညာဆိုင်ရာ အဖွဲ့အစည်းမှ ဒေါက်တာယီလီလင် ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က သုတေသန တစ်ခုကို မကြာသေးမီကလုပ်ဆောင်ခဲ့ပါတယ်။

သူတို့ရဲ့သုတေသနအတွက် ချုံချင်းမြို့မှာရှိတဲ့ အခြေအနေအမျိုးမျိုးနဲ့လူနာအယောက် ၆၀ နီးပါး ဆီကနေ သွေးနမူနာ တွေကိုစုဆောင်းပါတယ်။အဲဒီလူနာတွေထဲမှာ ရောဂါပြင်းထန်တဲ့ သူကနေ ရောဂါလက္ခဏာလုံးဝမပြတဲ့သူအထိပါဝင်နေပါတယ်။ ပြီးတဲ့အခါ ယခင်တုန်းက ဗိုင်းရပ်ကူးစက် ခံရဖူးခြင်းမရှိဘဲ ကျန်းမာတဲ့ စေတနာ့ဝန်ထမ်း ရှစ်ယောက်ရဲ့ သွေးနမူနာ တွေနဲ့ နှိုင်းယှဉ်ပါတယ်။ ဒီလိုနှိုင်းယှဉ်ရာမှာ တွေ့ရှိတဲ့အချက်ကတော့ ကိုရိုနာဗိုင်းရပ်ကူးစက် ခံရ ပြီးနောက် ရောဂါလက္ခဏာ မပြင်းထန်သူတွေမှာ ကိုယ်ခံအားက ကြာရှည်မခံဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ရောဂါပြင်းထန်သူတွေ ဒါမှမဟုတ် အလယ်အလတ် အဆင့်ရှိသူတွေမှာသာ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်ကို ပစ်မှတ်ထားနိုင်တဲ့ ကိုယ်ခံအား ကလာပ်စည်းတွေ ကျန်ရှိနေတာကိုသာ တွေ့ရတာပါ။

အခုတော့ ရောဂါလက္ခဏာမပြသူတွေ၊ ရောဂါလက္ခဏာ မပြင်းထန်သူတွေမှာ ကိုရိုနာ ဗိုင်းရပ်ကို ပစ်မှတ်ထားနိုင်တဲ့ ကလာပ်စည်းတွေကိုမထုတ်နိုင်ဘူးဆိုတာ သုတေသီတွေက တွေ့ရှိလိုက်တာဖြစ်ပါတယ်။အဲဒီကလာပ်စည်းဆိုတာကတော့ ဗိုင်းရပ်ကိုသိရှိမှတ်သားနိုင်ပြီး  တစ်ခါကူးစက်မှု ခံရပြီးနောက် နှစ်ပေါင်းများစွာ ကြာသည့်တိုင် အလားတူ ဗိုင်းရပ် နောက်ထပ် မဝင်နိုင်အောင် ပဋိပစ္စည်းတွေကိုထုတ်လုပ်ပေးနေတဲ့  ဘီကလာပ်စည်းတွေပဲ ဖြစ်ပါတယ်။ ဘီကလာပ်စည်းတွေကိုတော့ ကိုယ်ခံအားစနစ်ကနေထုတ်ပေးတာပါ။ ဒီနေရာမှာ သုတေသီတွေနောက်ထပ်တွေ့ရှိတာက အဲဒီလိုရောဂါ လက္ခဏာမပြသူတွေ၊ ရောဂါ လက္ခဏာမ ပြင်းထန်သူတွေမှာ ဘီကလာပ်စည်းအစား တီကလာပ်စည်းတွေ ပိုထွက် လာတာကိုတွေ့လိုက်ရတာပဲဖြစ်ပါတယ်။

တီကလာပ်စည်း ဆိုတာကတော့ ကိုယ်ခံအားစနစ်က နေထုတ်ပေးတဲ့ နောက်ထပ် ကလာပ်စည်း တစ်မျိုးဖြစ်ပြီး သူက ခန္ဓာကိုယ်ပြင်ပကနေ ဝင်လာတာမှန်သမျှကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ Sars-CoV-2 ဗိုင်းရပ်ကိုသာ သီးသန့်ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုး မဟုတ်တဲ့အတွက် လူနာမှာ အသည်းအသန် အခြေအနေနဲ့ ရင်ဆိုင်ရ ပါတယ်။ တချို့ဆိုရင် သီတင်းပတ်ပေါင်းများစွာကြာ သေကောင်ပေါင်းလဲဖြစ်ရပါတယ်။ ဒါကြောင့် Sars-CoV-2 ဗိုင်းရပ်ကိုသာ သီးသန့်တိုက်ခိုက်နိုင်ဖို့ဆိုရင် ဘီကလာပ်စည်းရဲ့ အခန်းကဏ္ဍက မဖြစ်မနေပါဝင်ရမှာပါ။ ဘီကလာပ်စည်းနဲ့ တီကလာပ်စည်းက ဟန်ချက် ညီညီ ပေါင်းစပ်လှုပ်ရှားမှသာ ကိုရိုနာဗိုင်းရပ် နောက်တစ်ကြိမ်ကူးစက်မှုကို အလွယ်တကူ တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ထူးခြားတာတစ်ခုက ရောဂါအလွန်ပြင်းထန်တဲ့ သူတွေမှာ တီကလာပ်စည်းပမာဏ လုံလောက်စွာ မထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အလားတူဖြစ်စဉ်မျိုးနဲ့ နောက်တစ်ကြိမ် ဗိုင်းရပ်ကူးစက်ခံရသူတွေ ရှိလာပါပြီ။ ပထမဆုံးကတော့ ဟောင်ကောင်ဒေသမှဖြစ်ပြီး ပထမအကြိမ်ကူးစက်မှုနဲ့ ဒုတိယအကြိမ် ကူးစက်မှုက လပိုင်းပဲခြားတာပါ။ အခုဆိုရင် ပထမအကြိမ်  ဗိုင်းရပ်ကူးစက်မှု ပျောက်ကင်းပြီးနောက် ဒုတိယအကြိမ် ဗိုင်းရပ်ကူးစက်မှုခံရတဲ့ ဖြစ်စဉ်တွေကို အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားမှာ တွေ့လာရပါပြီ။ နဗားဒါးပြည်နယ်မှ အသက် ၂၅ နှစ်ရှိတဲ့ အမျိုးသားတစ်ဦးဆိုရင် ပထမအကြိမ် ဗိုင်းရပ်ကူးစက်ခံရတုန်းက ရောဂါ လက္ခဏာ မပြင်းထန်ဘဲ ဒုတိယအကြိမ် ကူးစက်မှုကျမှသာ  သေကောင်ပေါင်းလဲ ဖြစ်နေတယ်လို့The Lancet ဂျာနယ်က ဖော်ပြထားပါတယ်။ ယနေ့အချိန်အထိ ဗိုင်းရပ် ကူးစက်ခံရသူ စုစုပေါင်းအနက် ၈၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေ ဒါမှမဟုတ် ရောဂါလက္ခဏာလုံးဝမပြတဲ့သူတွေဖြစ်နေပါတယ်။

ဒီအခြေအနေဟာ ဗိုင်းရပ်ကူးစက်ခံရပြီးသားသူတွေအနေနဲ့ နောက်တစ်ကြိမ် ဗိုင်းရပ်ကူးစက် ခံရနိုင် သေးတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကို ပိုမိုမြင့်တက်စေပါတယ်။ အဆိုးဆုံးအခြေအနေ ကတော့ မကြာခင် ဆောင်းရာသီ ကျရောက်တော့မယ့် ကမ္ဘာ့မြောက်ခြမ်းမှာ ဗိုင်းရပ်ရဲ့ ရှင်သန်နိုင်စွမ်းက ပိုမိုမြင့်မားတဲ့အတွက်ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေကလည်း အလွန်ကိုမြင့်မား နေပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် အခုလိုမျိုးသုတေသီတွေကတွေ့ရှိလိုက်ခြင်းဟာ ပိုမိုအာနိသင်ထိရောက်တဲ့ ကာကွယ်ဆေးတွေကို ဖော်စပ်ရာမှာ အခြေခံအုတ်မြစ် ဖြစ်လာ စေမယ်ဆိုပြီး ဒေါက်တာယီလီလင်နဲ့ အဖွဲ့ကပြောပါတယ်။ လက်ရှိသုတေသနတွေကို ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ် တစ်ခါကူးစက်ပြီး သူတိုင်းဟာ    အချိန်မရွေး နောက်တစ်ကြိမ် ပြန်ကူးစက်နိုင် ပါတယ်။ ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့၊ အမှန် တကယ် ထိရောက်မှုရှိတဲ့ ဗိုင်းရပ်ကာကွယ်ဆေး မပေါ်မချင်း ကိုယ့်အနေနဲ့ ဗိုင်းရပ်တစ်ခါ ကူးစက်ခံရပြီးလို့ နောက်တစ်ကြိမ် မကူးစက်နိုင်တော့ဘူးဆိုပြီး ပေါ့ပေါ့ဆဆ မနေဘဲ ဘယ်လိုအချိန်၊ ဘယ်လို အခြေအနေမျိုးမှာမဆို ဗိုင်းရပ်ကူးစက်ခံရနိုင်တယ် ဆိုတာကို သတိချပ် သင့်ကြောင်း   ရေးသားတင်ပြလိုက်ရပါတယ်။

Ref; SCMP