ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၀

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အရိုးရောဂါ အထူးကုဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပုလဲမြို့သစ်ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အထွေထွေရောဂါ ကုဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ခရိုင် ပြည်သူ့ ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည် မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပဲခူးမြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံ၊ ဥသျှစ်ပင်မြို့ တိုက်နယ်ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သား များနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရ ရှိသည်။