အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော် ကြီးသင်ပညာရေးအထက်တန်းကျောင်းသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့ စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော် ကြီးသင်ပညာရေးအထက်တန်းကျောင်း၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ ကျောင်းအုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာယက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သြဝါဒါစရိယ၊ ဒုတိယ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိက ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဋ္ဌတို့က တိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်းတို့ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များကို ဆရာတော်ကြီး များအား ဆက်ကပ်လှူဒါန်းပြီး ဒုတိယကျောင်းအုပ်ဆရာတော်ထံမှ အနုမော ဒနာတရား နာကြားကြသည်။

ယနေ့လှူဒါန်းမှုတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ဆွမ်းဆန် ၅၀ အိတ်၊ ဆီ ၈၅ ပိဿာ၊ ဆား ၂ အိတ်၊ ကုလားပဲ ၅ အိတ်နှင့် ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်းမှ ဆွမ်းဆန် ၅၀ အိတ်၊ Face Mask ၁၆၀၀ ခုတို့ကို စုပေါင်းလှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ သံဃာတော် ၃၅၀ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးရှိကြောင်း သတင်းရရှိသည်။