သေနတ်တစ်ချက် မဖောက်ရဘဲ ရန်သူကို အစွမ်းမဲ့စေမယ့် တရုတ်ရဲ့ လက်နက်အသစ်

 

သေနတ်တစ်ချက် မဖောက်ရဘဲ ရန်သူကို အစွမ်းမဲ့စေမယ့် တရုတ်ရဲ့ လက်နက်အသစ်

ကိုယ့်ရဲ့ရန်သူကို တိုက်ခိုက်ဖို့၊ ချေမှုန်းဖို့၊ အနိုင်ယူဖို့ဆိုရာမှာ   သေနတ်တစ်ချက်မဖောက်ရဘဲ၊ လူသူသေဆုံး ဒဏ်ရာရမှုတွေမရှိဘဲ မဖြစ်နိုင်ပါဘူး။

ဒီလိုမဖြစ်နိုင်ဘူးဆိုတာ ဟိုးအရင်နှစ်တွေမှာတော့ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေ့လို နည်းပညာ ထွန်းကားလာတဲ့ ခေတ်မှာတော့   မမှန်တော့ပါဘူး။ ဘာကြောင့်ပါလဲ။

တရုတ်ဒုံးကျည်သိပ္ပံပညာရှင်တွေရဲ့ စိတ်ကူးကြံစည်မှုသာ လက်တွေ့အကောင် အထည်ပေါ်လာခဲ့ရင် အပေါ်က မေးထားတဲ့ မေးခွန်းအတွက် အဖြေဟာ အလိုလို ထွက်လာပါလိမ့်မယ်။ အဲဒီပညာရှင်တွေကတော့ ပေကျင်းမြို့မှာရှိတဲ့     ပစ်လွှတ်ယာဉ် နည်းပညာ အကယ်ဒမီကျောင်းမှ ဖြစ်ပါတယ်။

တရုတ်ဒုံးကျည် သိပ္ပံပညာရှင်တွေဟာ အသံထက်   အလွန်မြန် လက်နက်စနစ် တစ်ခုကို အဆိုပြု တင်သွင်းထားကြပါတယ်။ သူတို့အဆိုပြု တင်သွင်းတဲ့ လက်နက်စနစ်က ပြင်းထန်တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေကို ထုတ်ပေးနိုင်မယ်။

အဲဒီလျှပ်စစ် သံလိုက်လှိုင်းတွေကြောင့် ရန်သူ့ရဲ့ ဆက်သွယ်ရေးစနစ်နဲ့   လျှပ်စစ်ဓာတ်အားပေး စနစ်တွေ  အကုန်လုံးဟာ အသုံးပြုလို့မရဘဲ ပြတ်တောက်မယ်။

အကွာအဝေး အားဖြင့်ဆိုရင်လည်း ကီလိုမီတာ ၃ဝဝဝ အထိသွားနိုင်မယ်။

သွားနိုင်တဲ့အလျင်ကလည်း အသံထက် ခြောက်ဆမြန်မယ်။

ကီလိုမီတာ ၃ဝဝဝ ဆိုတာ  တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းကနေ သွားရင် အမေရိကန်နိုင်ငံ အနောက်ပိုင်း ဂူအမ်ကျွန်းအထိ ရောက်ပါတယ်။

အသံထက် ခြောက်ဆမြန်တဲ့နှုန်းနဲ့ ပြန်တွက်မယ်ဆိုရင်တော့ အဲဒီလက်နက်ဟာ ကီလိုမီတာ ၃ဝဝဝ ကို ၂၅ မိနစ်အတွင်းမှာ ရောက်သွားနိုင်စွမ်းရှိပါတယ်။

ဒါ့အပြင် သိပ္ပံပညာရှင်တွေ  အဆိုပြုထားတဲ့ ဒုံးကျည်က အာကာသထဲကနေ ဖြတ်သန်းပြီး ကမ္ဘာ့လေထုထဲကို  ပြန်ဝင်တဲ့ သမားရိုးကျ    အမြင့်ပျံ ဒုံးကျည်လိုမျိုး မဟုတ်ဘဲ  ကမ္ဘာ့လေထု အတွင်းကနေသာ သွားမှာပါ။

ဒါမှသာ အာကာသထဲမှာ   စေလွှတ်ထားတဲ့ ကြိုတင်သတိပေး စနစ်တွေကနေ ရှောင်ကွင်းနိုင်မှာပါ။ ဒါတင်မကသေးပါဘူး။

ကိုယ်ပျောက်နည်းပညာကို   အသုံးပြုမှာ ဖြစ်တဲ့အတွက်လည်း မြေပြင်မှာရှိတဲ့ ရေဒါတွေရဲ့    ထောက်လှမ်းရှာဖွေမှုကနေ ကင်းလွတ်နိုင်ဦးမှာဖြစ်ပါတယ်။

ဒီနေရာမှာ အဲဒီလက်နက်စနစ်က ဒုံးကျည်တစ်စင်းလိုမျိုး ပျံသန်းသွားပေမယ့်လည်း ရုပ်ဝတ္ထုပစ်မှတ်ကို ထိမှန်ခြင်းမျိုး မဟုတ်ဘဲ သတ်မှတ်နယ်မြေရဲ့အပေါ်ဘက်မှာသာ   ပေါက်ကွဲသွားမှာဖြစ်ပါတယ်။

ဒါကြောင့် လူပင်မဆိုထားနဲ့ ပုရွက်ဆိတ် တစ်ကောင်ရဲ့အသက်ကိုတောင်မှ ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။

သို့သော်လည်း   အဲဒီလက်နက်က ပေါက်ကွဲသွားပြီဆိုရင် အလွန်စွမ်းအား ပြင်းထန်လှတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ထွက်ရှိလာပါလိမ့်မယ်။

ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် သတ်မှတ်နယ်မြေရဲ့ ၂ ကီလိုမီတာ အတွင်းမှာရှိတဲ့   လျှပ်စစ်ပစ္စည်းတွေ အားလုံး စွမ်းအင်ပြတ်တောက်ပြီး အသုံးပြုမရ ဖြစ်သွားမှာပါ။ ဒီအကြောင်းတွေကိုတော့ အကယ်ဒမီကျောင်းမှ သိပ္ပံပညာရှင် ဆွန်ကျင်းက ပြောထားတာဖြစ်ပါတယ်။

ဟိုးယခင် လျှပ်စစ်သံလိုက်လှိုင်း ထုတ်ပေးတဲ့ လက်နက်တွေကနေ ပြင်းထန်လှတဲ့ စွမ်းအင်တွေ    ထွက်လာစေဖို့အတွက် နျူကလီးယား ထိပ်ဖူးတစ်ခု လိုအပ်ပါတယ်။

ဒီနေရာမှာ နျူကလီးယားကို လက်နက်အဖြစ် အသုံးပြုရမှုကြောင့် လျှပ်စစ်သံလိုက်လှိုင်း လက်နက်တွေကို အသုံးပြုမှုက အကန့်အသတ်တွေ ရှိနေတာပါ။

၂ဝ၁၇ ခုနှစ်တုန်းက အမေရိကန်က မြောက်ကိုရီးယားကို အဲဒီလိုလက်နက်နဲ့ တိုက်ခိုက်ဖို့ ကြံစည်ဖူးပါတယ်။ သူတို့ရဲ့ ကြံရွယ်ချက်ကတော့ မြောက်ကိုရီးယားမှာရှိတဲ့ နျူကလီးယား စက်ရုံတွေ လျှပ်စစ်စွမ်းအင် ပြတ်တောက်ပြီး မလည်ပတ်နိုင်စေဖို့ပါ။

ဒါပေမဲ့လည်း အမေရိကန်ကသာ အဲဒီအချိန်တုန်းက   မြောက်ကိုရီးယားကို တိုက်ခိုက်ခဲ့ရင် မြောက်ကိုရီးယားဘက်ကနေ လက်တုံ့ပြန် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။     နောက်ဆုံးမှာတော့  နျူကလီးယား စစ်ပွဲတောင်မှ ဖြစ်သွားစေနိုင်ပါတယ်။

အခုအသံထက် အလွန်မြန်တဲ့လက်နက်မှာတော့  နျူကလီးယားကို အသုံးပြုတာ မဟုတ်ပါဘူး။ ဓာတုဗေဒနည်းအရ ဖြစ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုထားတာပါ။

ဒီလိုဖောက်ခွဲရေး ပစ္စည်းတွေရဲ့ပေါက်ကွဲမှုက လျှပ်စစ်ကြောင့်ဖြစ်တဲ့ သံလိုက်ကို ဖိသိပ်လိုက်ပါတယ်။ ပြီးတဲ့နောက် သံလိုက်က တိုတောင်းတဲ့ တုန်လှုပ်မှု စွမ်းအားအဖြစ်ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့လည်း အဲဒီစွမ်းအားက သံလိုက်လှိုင်း တွေပေါက်ကွဲမှု ဖြစ်စေဖို့အတွက် လုံလောက်တဲ့အားကို ရရှိစေပါတယ်။

နျူကလီးယားစွမ်းအင်ကို အသုံးမပြုထားတဲ့ လျှပ်စစ်သံလိုက်လှိုင်းထုတ် လက်နက်တွေက  အလွန်တရာ ကြီးမားတဲ့အပြင် အလွန်တရာ လေးလံလှပါတယ်။

အကြောင်းရင်းကတော့ သူ့မှာပေါက်ကွဲမှုကိုဖြစ်ပေါ်စေဖို့   လိုအပ်တဲ့လျှပ်စစ် စွမ်းအင်အတွက် အလွန်များပြားလှတဲ့ ဘက်ထရီတွေကို သယ်ဆောင် သွားရလို့ပါပဲ။

ဒီအတွက်ကြောင့်    ဒီလိုဗုံးတွေကို လေယာဉ်တွေပေါ်ကနေသာ ကြဲချမှရမှာပါ။ ဒါဆိုရင် လိုချင်တဲ့ အငိုက်ဖမ်းမှုကို ရနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သိပ္ပံပညာရှင် ဆွန်ကျင်းနဲ့အဖွဲ့ကတော့ သမားရိုးကျ နည်းပညာကနေ ဖောက်ထွက်ပြီး   စဉ်းစားထားပါတယ်။ သူတို့ရဲ့ စဉ်းစားမှုကတော့  ကိုယ်ပျောက် နည်းပညာကို အသုံးပြုခြင်းပါ။

အရာဝတ္ထုတစ်ခုက လေထုကို ဖြတ်သန်းပြီး အသံထက် အလွန်မြန်တဲ့နှုန်းနဲ့ သွားမယ်ဆိုရင် လေထုထဲမှာရှိတဲ့  မော်လီကျူးလေးတွေက အပူချိန်ကြောင့် အိုင်ယွန်အဖြစ်ကိုကူးပြောင်းပြီး အဲဒီအရာဝတ္ထုရဲ့ မျက်နှာပြင်ပေါ်မှာ ပါးလွှာတဲ့ ပလာစမာ အလွှာတစ်ခုဖြစ်ပေါ်ပါတယ်။

အဲဒီပလာစမာအလွှာက    ရေဒါက ထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ လှိုင်းအကုန်လုံးကိုတော့ မစုပ်ယူနိုင်ပါဘူး။

ကိုယ်ပျောက် နည်းပညာလို့ခေါ်တဲ့ ရေဒါက ထုတ်လွှတ်တဲ့ လှိုင်းအကုန်လုံးကို စုပ်ယူနိုင်စွမ်းရှိစေဖို့အတွက် ဆွန်ကျင်းနဲ့ အဖွဲ့ဟာ အပူချိန် ၁ဝဝဝ ဒီဂရီစင်တီဂရိတ်အထက်ရှိတဲ့ ပတ်ဝန်းကျင်အပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပါမယ်။

ပြောင်းလဲလိုက်တဲ့ လျှပ်စစ်စွမ်းအင်တွေက ဒုံးကျည်ရဲ့ ကိုယ်ထည်အနှံ့မှာ တပ်ဆင်ထားတဲ့ ပလာစမာ အလွှာထုတ်စက်တွေကို စွမ်းအင်ပေးပြီး ပလာစမာအလွှာတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ဒီနည်းပညာကို အသုံးပြုမယ်ဆိုရင်တော့ လုံးဝဖြစ်နိုင်ဖွယ်ရှိတယ်လို့   သုတေသန စီမံကိန်းမှာ မပါဝင်တဲ့ အသံထက် အလွန်မြန် နည်းပညာဆိုင်ရာ သုတေသီတစ်ဦးကပြောပါတယ်။

ဘာကြောင့်လဲဆိုရင်    အသံထက် အလွန်မြန်လေယာဉ်တွေ ပျံသန်းမှုမှာ လေရဲ့ တွန်းကန်အားကို လျော့နည်းစေဖို့နဲ့ ပျံသန်းမှုကို ထိန်းချုပ်ဖို့အတွက် အပူပြောင်းလဲမှုနဲ့  ပလာစမာ ထုတ်လွှတ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားတာကြောင့်ပါ။

ဒီလိုအသံထက် အလွန်မြန်တဲ့နှုန်းနဲ့ ပျံသန်းဖို့ဆိုရင်   လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်မယ့် ဒုံးကျည်ဟာ ပေါ့ပါးနေဖို့ လိုအပ်တာကြောင့် သူ့မှာ လျှပ်စစ်စွမ်းအင်တွေကို သိမ်းဆည်းဖို့အတွက် ဘက်ထရီ တစ်လုံးတောင်ပါလို့ မရပါဘူး။

ဒါနဲ့ပတ်သက်ပြီး    ပညာရှင်တွေရဲ့ ဖြေရှင်းချက်ကတော့ စွမ်းအားမြင့် လျှပ်သိုပစ္စည်းတွေကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။

အဲဒီလျှပ်သို ပစ္စည်းတွေဟာ    ဘက်ထရီတွေရဲ့ စွမ်းအင် သိုလှောင်နိုင်စွမ်းထက် အဆ ၂ဝ ပိုများတဲ့စွမ်းအင်ကို သိုလှောင်နိုင်ပါတယ်။

လျှပ်သိုပစ္စည်းတွေထဲ စွမ်းအင်ထည့်ဖို့ ကိုတော့ ဒုံးကျည်ပျံသန်းနေစဉ်မှာ အပူကနေ လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးတဲ့ ကိရိယာကို အသုံးပြုပြီး အားသွင်းမှာပါ။

အဲဒီလျှပ်သိုပစ္စည်းတွေက ၁ဝ စက္ကန့်အတွင်းမှာ စွမ်းအင်  ၉၅ ရာခိုင်နှုန်းကို ပြန်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီအတွက် လျှပ်သိုပစ္စည်းတွေက လျှပ်စစ် သံလိုက်လှိုင်းဖြစ်ပေါ်ဖို့အတွက်   တစ်ပြိုင်နက်ဖြစ်တဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်တာကြောင့် သူတို့ကို အသုံးပြုဖို့ သင့်လျော်တယ်လို့ ဆွန်ကျင်းနဲ့အဖွဲ့က ပြောထားပါတယ်။

စွမ်းအင်ပြန်လည် ထုတ်လုပ်မှု နည်းပညာကို အသုံးပြုပြီး     အခုဖန်တီးနေတဲ့ ကိုယ်ပျောက်နည်းပညာသုံး လျှပ်စစ်သံလိုက်လှိုင်းထုတ် လက်နက်ဟာ လက်ရှိရေပန်းစားနေတဲ့ မြန်ဆန်တဲ့စစ်ပွဲ၊    ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု၊ ဘက်စုံသတင်းအချက်အလက် ပျက်စီးမှုတို့အတွက်   ဖန်တီးမှု လမ်းကြောင်းအတိုင်း အံဝင်ခွင်ကျဖြစ်နေပါတယ်။

အခုလတ်တလောမှာ ဒီလက်နက်နည်းပညာက အယူအဆအဆင့်မှာသာ ရှိသေးပေမယ့်လည်း နည်းပညာကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွက်လာမှုနဲ့အတူ တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ် လက်နက်စနစ်တွေမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ သိပ္ပံပညာရှင်များက တထစ်ချယုံကြည်ထားပါတယ်။

ဒါကြောင့် ဒီလက်နက်သာ အမှန်တကယ် အသက်ဝင် အသုံးပြုလာနိုင်ပြီဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဟာ   သေနတ်တစ်ချက် မဖောက်ရပါဘဲ ရန်သူ့နိုင်ငံကို အစွမ်းမဲ့အောင် လုပ်ဆောင်လာနိုင်မှာဖြစ်ပြီး ရန်သူ့နိုင်ငံအနေနဲ့   အစွမ်းမဲ့သွားပြီဆိုရင် တိုက်ခိုက်တဲ့ နိုင်ငံအနေနဲ့   အလွန်ကြီးမားတဲ့ အောင်ပွဲကို ဆွတ်ခူးသွားနိုင်မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Ref: SCMP