တောင်ကိုရီးယား အစိုးရက အိမ်ထောင်စုများ၊ စီးပွားရေး လုပ်ငန်းများအား အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ထောက်ပံ့မည်

တောင်ကိုရီးယားနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လူစုလူဝေး မပြုလုပ်ရဟူသော မကြုံစဘူးကန့်သတ်ချက်များကြောင့် ပိတ်ထားရသည့် အသေးစား စီးပွားရေး လုပ်ငန်းများနှင့် အိမ်ထောင်စုများအား အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။ အသေးစားစီးပွားရေး လုပ်ငန်းရှင်များကို ငွေသား ထောက်ပံ့ရန်နှင့် အိမ်ထောင်စုများအတွက် မိုဘိုင်းဖုန်းဘေပေးချေနိုင်ရန် ဝမ် ၇ ဒသမ ၈ ထရီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သမ္မတ မွန်ဂျေးအင်က အရေးပေါ်စီးပွားရေး မူဝါဒ အစည်းအဝေး၌ပြောသည်။

မမျှော်လင့်ထားသော နိုဗယ်ကိုရိုနာဗိုင်းရပ် ပြန်လည် ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေး နာလန်ထူမှု အရှိန်ကိုနှောင့်နှေးစေကာ ပြည်တွင်းဝယ်လိုအားနှင့် သုံးစွဲမှုအတွင်းရှိ စီးပွားရေး ဆောင်ရွက်ချက်များမှာ သိသိသာသာ လျော့ကျလာကြောင်း မွန်ဂျေးအင်ကပြောသည်။ အသစ်ချမှတ်ထားသော အသုံးစရိတ်များအနက် ဝမ် ၃ ဒသမ ၂ ထရီလီယံကို အသေးစား စီးပွားရေးလုပ်ငန်းများအားလည်းကောင်း၊ ၁ ဒသမ ၄ ထရီလီယံကိုမူ    အလုပ်အကိုင် ရှာဖွေ နေသူများအားလည်းကောင်း ထောက်ပံ့ပေးမည်ဖြစ်သည်။

ထို့ပြင် အသက် ၁၃ နှစ်နှင့်အထက် ကိုရီးယားနိုင်ငံသားတိုင်း မိုဘိုင်းဖုန်းဘေများအတွက် ထောက်ပံ့ ကြေးရရှိမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား သည့် အစောပိုင်းကာလများတွင် အသွားအလာတားမြစ်ကန့်သတ်မှုများ မပြုလုပ်ဘဲ ဗိုင်းရပ် ကူးစက်မှုကို အခြားနိုင်ငံများထက် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် သြဂုတ်လ လယ်ပိုင်းတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ အဖွဲ့ဝင်များပါဝင်သည့် နိုင်ငံရေးစည်းရုံး လှုံ့ဆော်ပွဲမှ ဗိုင်းရပ်ကူးစက်မှုကြီး ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Ref: The Straits Times