ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ဆန်၊ ဆီများ၊ စားသောက် ကုန်များနှင့် အသား၊ ငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ဆန်၊ ဆီများ၊ စားသောက် ကုန်များနှင့် အသား၊ ငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ- ၁

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေး ပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၀ ခုမှ အိမ်သုံးဆေးဝါး ၁၁၆ မျိုးအား ရောင်းချ ပေးခဲ့သည်။

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၃၅ ရက်နေ့အဖြစ် ယနေ့တွင် ဆက်လက်ရောင်းချပေးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီး များအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။