နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်မျ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် အောက်တိုဘာ ၁

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

    အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြသည်။

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များ က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍများနှင့် ဒေသဆိုင်ရာ အထွေထွေ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

    ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးအာကာလင်းတို့က ဒေသဆိုင်ရာအချက် အလက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား ရှင်းလင်းတင်ပြကြပြီး တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

    ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှု ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံသည့် ဆန်များအား ပြည်ပသို့တင်ပို့နိုင်‌သည် အထိ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများ အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့်  သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြုနိုင်ရေး အတွက်လည်း ခေတ်မီ နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ တောင်ကြီးမြို့ ရေလုံလောက်စွာရရှိရေးကို အထောက်အကူဖြစ်စေ မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် လိုအပ်မှုနှင့် သစ်တောများ ပြုန်းတီးမှု မရှိစေရေးအတွက်လည်း ထိန်းသိမ်း ဆောင်ရွက်ကြရန်ကြောင်း၊ မြို့ပြစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ အတွက် အဓိကလိုအပ်သည့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မှု၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများကို အဓိကထား စဉ်းစား ဆောင်ရွက်ကြရန် လိုကြောင်း၊ ရှမ်းပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်ပြီး သဘာဝမှ ပေးအပ်ထားသည့် အဖိုးတန်အရင်းအမြစ်တစ်ခု ဖြစ်သည့် အင်းလေးကန်၏ ရေသယံဇာတများ တိမ်ကောမှု မရှိစေရေးအတွက် လည်း ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး အတွက် Bio Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်း ရှာဖွေဆောင်ရွက်ရန် လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်းအောင်မြင့်၊ တို့က  စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်  သင်တန်းများဖွင့်လှစ် ပေးမှုအခြေအနေများ၊ မြစိမ်းရောင် စီမံကိန်းဖြင့် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုနှင့် အသေးစား စက်မှု လက်မှု လုပ်ငန်းများအတွက် ထောက်ပံ့ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အားကစားကွင်းများနှင့် အားကစားရုံများ အဆင့်မြှင့်တင်ရေး ဆောင်ရွက် ပေးနေမှုနှင့်  ရပ်ကွက်ကျေးရွာများ အလိုက် အားကစားသမားများအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေများ၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ကဏ္ဍဖွံ့ဖြိုးရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။

     ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် ဧရိယာစတုရန်း မိုင်ပေါင်း ၆ သောင်းကျော်၊ လူဦးရေ ၅ ဒသမ ၅ သန်းရှိသဖြင့် မိမိတို့နိုင်ငံတွင် ဧရိယာအကျယ် ဆုံးဖြစ်ပြီး သင့်တင့်သည့် ရာသီဥတုရှိကြောင်း၊ မြေဆီဩဇာကောင်းသည့် မြေသယံဇာတ များစွာရှိသည့် ရေခံမြေခံကောင်းသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသကိုချစ်သည့် စိတ်ဖြင့်အားလုံး ဆောင်ရွက်ကြမည်ဆိုပါက ကောင်းမွန်သည့် ဒေသတစ်ခု ဖြစ်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းနေထိုင်သူ အများစုသည်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြသူများဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ အာလူးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း၊ ဆန်အထွက်နှုန်းများ ယခုထက်ပိုမို ကောင်း မွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်နယ်၏ ဝင်ငွေများ ယခုထက်ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း။

    လူများအတွက် စားရေးဖူလုံရန် အရေးကြီးသဖြင့် စားရေးဖူလုံရေးအတွက် တိုက်တွန်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့ လူမျိုးသည် ဆန်ဗဟိုပြုစားသုံးကြပြီး လူတစ်ဦး၏ တစ်နှစ်စာစပါး လိုအပ်ချက် သည် ပျှမ်းမျှအားဖြင့် ၁၅ တင်းခန့်ဖြစ်သဖြင့် ဆန်စားသုံးမှု များကြောင်း၊ ဆန်စားသုံးခြင်းဖြင့် ပရိုတင်းကယ်လိုရီများ ရရှိစေကြောင်း၊ အခြားအာဟာရဖြစ်စေ သည့် သီးနှံများနှင့် အသားငါးများကို မျှတစွာ စားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုကြောင်း၊ ရှမ်းပြည်နယ် သည် စိုက်ပျိုးရေးသာမက မွေးမြူရေးပါ ကောင်းမွန်သည့် ဒေသဖြစ်ကြောင်း၊ အေးသာယာရှိ မွေးမြူရေးဇုန်တွင် မွေးမြူရေး လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး အောင်မြင်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နို့စားနွား၊ ကြက်၊ ဝက်များအား ခေတ်မီနည်းပညာများ အသုံးပြု၍ ယခုထက်ပိုမို မွေးမြူကြစေလိုကြောင်း၊ အေးသာယာမွေးမြူရေး ဇုံတွင်သာမက အခြားမြို့နယ် များတွင်လည်း မွေးမြူရေး လုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက်ကြစေလို ကြောင်း။

    ရှမ်းပြည်နယ်တွင် စပါး၊ ပြောင်း၊ အားလူး၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုပ်များ ကို စိုက်ပျိုးကြကြောင်း၊ အဆိုပါ ဆီထွက်သီးနှံများတွင် ပါဝင်သည့် စပါး၊ ပြောင်း၊ ပဲပုပ်၊ နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ နှမ်း တို့မှထွက်ရှိသည့် စကွဲ၊ ဖွဲ၊ ပဲဖတ်နှမ်းဖတ်များသည် တိရစ္ဆာန် မွေးမြူရေးအတွက် အစားအစာများ ရရှိသဖြင့် ပြည်နယ်တွင်း တိရစ္ဆာန် အစားအစာ များလုံလောက်စွာ ထုတ်လုပ်နိုင်သောကြောင့် မွေးမြူရေးလုပ်ငန်းများ အတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်ကြောင်း။

    မိမိတို့အနေဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသာယာ ဝပြောရေး၊ စားရေရိက္ခာ ပေါများရေးကို အဓိကထားဆောင်ရွက်နေ ကြောင်း၊ နိုင်ငံသာယာဝပြောရန် အတွက် အားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် ပြည်သူ များအားလုံး ပျော်ရွှင်စွာ အလုပ် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အနေအထားတွင် ရှိရမည်ဖြစ်ပြီး ပြည်သူများ၏ ဝင်ငွေများ ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရတည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများသည် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံ သာယာဝပြော လာမည်ဖြစ်ပြီး အားကစားများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ် နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိစေရေးအတွက် မြို့ပြနှင့်ကျေးလက်နေ ပြည်သူများသာမက တာဝန် ရှိသည့်အုပ်ချုပ်သူ အဆင့်ဆင့်မှလည်း ဦးဆောင်ခြင်း၊ အားပေးခြင်းနှင့် ကူညီ ပေးခြင်းများ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေး အတွက် သုသေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိလုပ်ဆောင်နေသည့် မိရိုးဖလာ အခြေအနေအပေါ်တွင် ရောင့်ရဲတင်းတိမ်မနေဘဲ တိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။

    လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် သံလွင်မြစ်နှင့်အခြား အရင်းအမြစ်များစွာ ရှိကြောင်း၊ အလားတူကျောက်မီးသွေးများ ထွက်ရှိသဖြင့် ကျောက်မီးသွေး အသုံးပြု ၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှု ကို နည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ရကြောင်း၊ တောင်ပေါ်ဒေသ ဖြစ်သည့် အတွက်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး အတွက် ရှိပြီးသား အရင်းအမြစ် များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ ရရှိခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုများအား များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

    ရှမ်းပြည်နယ်အတွင်း ပညာသင်ကြားနိုင်သည့် တက္ကသိုလ်ဇုံ ၄ ဇုံရှိကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ကြားခြင်းဖြင့် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် စီးပွားရေးနှင့် ဥပဒေ ဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ပေးထား ကြောင်း၊ အဆိုပါပညာရပ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုနိုင်ကြောင်း၊ တက္ကသိုလ်ပညာ သင်ကြားရေး အတွက်အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၀၉ ခုနှစ်တွင် သူငယ်တန်း တက်ရောက်သူ ၁၁၂၁၄၅ ဦးရှိကြောင်း၊ အဆိုပါ တက်ရောက်သူများမှ ပထမတန်း တက်ရောက်သူ ၁၀၁၄၂၈ ဦးသာရှိတော့သဖြင့် ၈၄ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ ပဉ္စမတန်း တက်ရောက်ချိန်တွင် ၆၄၀၀၀ သာရှိတော့သည်ကိုတွေ့ရှိရသဖြင့် ၅၂ ရာခိုင်နှုန်းသာ ပညာသင်ကြားတော့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါပညာသင် ကြားသူများ နဝမတန်း ရောက်ရှိချိန်တွင် ၄၁၀၀၀ သာရှိပြီး ၃၄ ရာခိုင်နှုန်း၊ ဒသမတန်း တက်ရောက်သူ ၃၇၀၀၀ ရှိပြီး ၃၀ ရာခိုင်နှုန်းရှိပြီး ဒသမတန်းအောင် မြင်သူ ၉၆၀၀ သာအောင်မြင်သဖြင့် ၇ ဒသမ ၉၃ ရာခိုင်နှုန်းသာရှိသဖြင့် ပညာရေး အားနည်းမှုရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးအားပေးရန် လိုအပ်ကြောင်း၊ ပညာရေး အားနည်းချက်များရှိသဖြင့် စိုက်ပျိုးမွေးမြူရေး နှင့်ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများတွင် ဆောင်ရွက်မည့် အသိပညာရှင်များ ပြည့်စုံစွာလိုအပ်မှု အတွက် အခက်အခဲ ရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ပညာရေးတွင် အခြေခံပညာနှင့် အဆင့်မြင်ပညာဟူ၍ နှစ်မျိုးရှိကြောင်း၊ တက္ကသိုလ်များသည် တက်ရောက်သူများသည် မိမိကိုယ်တိုင်လေ့လာခြင်း၊ မိမိကိုယ်မိမိ ထိန်းသိမ်းခြင်းဖြင့် တက္ကသိုလ်ကျောင်းသား ဘဝအား ဖြတ်သန်းကြရခြင်း ဖြစ်ကြောင်း၊ ပညာသင်ကြားသည့် အဆင့်အလိုက် ကျောင်းသားများ၏ အတွေ့ အကြုံများမှာ ကွဲပြားသွားကြကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ပညာရည်မြှင့်တင်ရေးအတွက် အားပေး ဆောင်ရွက် ကြစေလိုကြောင်း။

      ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့်ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည် မှာ အများစု၏ သဘောဆန္ဒဖြင့် ဥပဒေနှင့်အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမည်ဖြစ် သော်လည်း “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုသည့်လုပ်ရပ်မျိုး ဆောင်ရွက်၍မရကြောင်း၊ ဖက်ဒရယ်စနစ် ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေ ကျင့်သုံး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသဖြင့် အမှားခံ၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ များစွာမှားယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီ ကာလများတွင် မိမိအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ် မှုနှင့်မျှတမှုရှိစေရေး အတွက် အသိပေးမှုများ မကြာခဏပြုလုပ်ခဲ့ကြောင်း၊ NLD ပါတီအနေဖြင့်မဲဆွယ် စည်းရုံးမှုများဆောင်ရွက်ချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါ အား အကြောင်းပြု၍ မဲဆွယ်မှုများအား မျှတမှုမရှိအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ကြိုတင်မဲပေးချိန်တွင်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲစာရင်း မှားယွင်းမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း ဖြေရှင်းခဲ့မှုမရှိသဖြင့် ယခုအခြေအနေမျိုးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း။

    မိမိတို့နိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေဥပဒေအား ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပ၍ အတည်ပြုဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် ဖျက်သိမ်း၍ မရကြောင်း၊ ခေတ်ကာလနှင့် ညီညွတ်မှုမရှိသော အကြောင်းအရာများအား ပြင်ဆင် ရန်အတွက် မိမိတို့အနေဖြင့် လက်ခံကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊

တိုင်းရင်းသားများနှင့် ပတ်သက်၍ စာပေ၊ ယဉ်ကျေးမှုများရှိသဖြင့် မိမိတို့ အနေဖြင့်အားပေးကြောင်း၊ သို့သော် ပြည်ထောင်စုစာပေဖြစ်သည့် မြန်မာစာနှင့် မြန်မာစကားကို အသုံးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း နိုင်ငံအသီးသီး သည် အများအားဖြင့် သတ်မှတ်ထားသည့် ရုံးသုံးစာနှင့် ရုံးသုံးစကား တစ်မျိုး တည်းကိုသာ အသုံးပြုကြကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများ တိုးတက်စေရေး အတွက်လည်း တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ပတ်သက်သည့် ဆရာ၊ ဆရာမများ၏ လစာများ တိုးမြှင့်ပေးခဲ့ကြောင်း၊ မိမိတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကြရန်လိုကြောင်း၊ ထို့အတူမိမိတို့ တိုင်းရင်းသားများ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို မိမိတို့ တိုင်းရင်းသားများကပင် ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

    ကျန်းမာရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုနှုန်းများနေသေး ကြောင်း၊ နယ်စပ်ဒေသများမှ တစ်ဆင့်ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့် ကူးစက်မှုများဖြစ်ပေါ်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် စစ်ဆေး မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ် -၁၉ ရောဂါ သည် လက်ရှိအချိန်အထိ ပျောက်ကင်းသွားနိုင်သည့် ရောဂါမဟုတ်သေးသဖြင့် ယှဉ်တွဲသွားရမည့် ရောဂါဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊  မြို့သာယာလှပရေးသည် ကျန်းမာရေးကိုလည်း အထောက်အကူပြုကြောင်း၊ ရေမြောင်းများ ပိတ်ဆို့မှုမရှိ ရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေး ဌာနသာမက ပြည်သူများမှလည်း အသိစိတ်ဓာတ်ရှိရှိ ထိန်းသိမ်း ဆောင်ရွက်ရေး အသိပညာပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပတ်ဝန်းကျင် ကောင်းများ တည်ဆောက်ကြရန်လိုကြောင်း၊ ပလပ်စတစ်သုံးစွဲမှုများ လျှော့ချရေး အတွက် လည်းဆောင်ရွက်ကြစေလိုကြောင်း၊ ပလပ်စတစ်များအား စနစ်တကျ သုံးစွဲမှုမရှိသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင် သန့်ရှင်းမှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်း တိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ဒေသသာယာ လှပရေးအတွက် မျက်စိပသာဒ ရရှိစေသည့် ပန်းပင်များနှင့် အရိပ်ရလေကာပင်များအား စိုက်ပျိုးရန်လိုကြောင်း၊ ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးမှုသည့် ဒေသဖွံ့ဖြိုး တိုတက်ရေးကို များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

    ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်းအဆင့် မြှင့်တင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။