မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား   စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   မြဝတီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့်   ကူးစက်ပျံ့ပွားမှု လျော့နည်းစေရေး အတွက် ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသေးသည့်    အသက်၁၈ နှစ် အထက်ရှိသူများကို ဦးစားပေးအုပ်စု အနေဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်၍ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်း အောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေး အတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန်  ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်တို့က စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရေး အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေး ပြောကြားခြင်း၊  စည်းရုံးဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

မြဝတီမြို့နယ်၌  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို အောက်တိုဘာ ၄ ရက်မှစ၍ ဆေးထိုးစုရပ်(၇)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးသက်လွင် ထံမှ သိရသည်။