ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်  ၁၃၁၉ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်  ၁၃၁၉ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၄

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်  လိုအပ်ပြီး   ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၃-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၄-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၁၆၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁၃၁၉ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၃၉၃၁၈ဝ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၆၉၇၈၂ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၄၂ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၂၄၁၉၇ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၉၂၁ ဦးရှိသည်။ 

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု  အခြေအနေများအား ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက်  ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း အခြေအနေများအား စောင့်ကြပ်ကြည့်ရှုလျက် ရှိရာ အပတ်စဉ်(၃၇) တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅၈၁၄၆) ခုအား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ  စုစုပေါင်း (၁၄၉၉၁) ဦးရှိသဖြင့်   ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်း  (၉.၅) ရာခိုင်နှုန်း၊ အပတ်စဉ် (၃၈)တွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃၃၂၈၂) ခုအား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇၄၉) ဦးရှိသဖြင့် ပျမ်းမျှရောဂါ ပိုးတွေ့ရှိမှုနှုန်း (၈.၈) ရာခိုင်နှုန်းနှင့် အပတ်စဉ်(၃၉) တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃၆၈၂၉)ခု အား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၁ဝ၆၄၉) ဦးရှိသဖြင့် ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်း (၇.၈)ရာခိုင်နှုန်းတို့ဖြစ်ကြောင်း တွေ့ရှိရ သဖြင့် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှုမှာ လျော့နည်းလာခဲ့ပြီး   ပျမ်းမျှရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းလည်း လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ရောဂါကူးစက်မှု လျော့နည်းလာရခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၏    ရောဂါကာကွယ်၊ ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများတွင် ပြည်သူလူထု၏ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့်    မိမိတို့ ကဏ္ဍအလိုက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်အင်တာနက် စာမျက်နှာ www.mohs.gov.mm  တွင်  ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။