ဦးနှောက်ထဲအထိပါ တိုက်ရိုက်ကူးစက်နိုင်ဖွယ်ရှိလာတဲ့ ကြောက်မက်ဖွယ်ကိုရိုနာဗိုင်းရပ်

ယခင်ကိုရိုနာဗိုင်းရပ်တွေတုန်းက အခုလောက်ထိ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ လှုပ်လှုပ်ရှားရှားမဖြစ်ပါဘူး။ အခု  နိုဗယ်ကိုရိုနာဗိုင်းရပ်ကျမှသာ ရှာဖွေလေ တွေ့ရှိလေဆိုသလို သုတေသနပညာရှင် တွေရဲ့ကျေးဇူးကြောင့် ဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာရပါပြီ။

အရင်တုန်းကသိထားတာက   နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်တယ်။ အဆုတ်ကို အများဆုံး ထိခိုက်စေတယ်ဆိုပြီးတော့သာ သိထားတာပါ။ ဒါပေမဲ့ အခုတော့ သုတေသနပညာရှင် တွေရဲ့လေ့လာမှုကြောင့်     ဒီဗိုင်းရပ်ဟာ ဦးနှောက်ထဲအထိပါ တိုက်ရိုက်ကူးစက်နိုင် ဖွယ်ရှိတယ်ဆိုတာကို ထပ်ပြီးသိလာရပါပြီ။

နိုဗယ်ကိုရိုနာဗိုင်းရပ်တစ်ဖြစ်လဲ SarsCoV-2 လို့ခေါ်တဲ့  ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်တဲ့     ကိုဗစ်-၁၉ လူနာတချို့မှာ ခေါင်းကိုက်ခြင်းတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ဂနာမငြိမ်မှုတွေ ဖြစ်ရတာဟာ  အဲဒီဗိုင်းရပ်က လူနာရဲ့ဦးနှောက်ထဲကို တိုက်ရိုက်ဝင်ရောက် ကူးစက်သွားခြင်း ရဲ့ရလဒ်ဖြစ်နိုင်တယ်လို့ စက်တင်ဘာ ၉ ရက်ထုတ် သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

အခုသုတေသနဟာ ပဏာမ အဆင့်သာရှိသေးပေမယ့် အရင်တုန်းက မစမ်းသပ်ခဲ့ဖူးတဲ့ သီအိုရီတွေအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီသုတေသနကို ဦးဆောင်ပြုလုပ်တာကတော့ ယေး(လ်)တက္ကသိုလ်မှ ကိုယ်ခံအားပညာရှင် အာကီကို အီဝါဆာကီပါ။ သူပြောထားတာက ဗိုင်းရပ်ဟာ ဦးနှောက်ထဲမှာရှိတဲ့ ကလာပ်စည်းတွေကို ကူးစက်ပြီး ပုံတူပွားခြင်းကြောင့် အနီးအနားမှာရှိတဲ့ တခြားဦးနှောက် ကလာပ်စည်းတွေက အောက် ဆီဂျင်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရတယ်ဆိုပြီး ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီဗိုင်းရပ်ရဲ့ ပျံ့နှံ့နိုင်မှုပမာဏနဲ့   ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးပါဘူး။

နိုဗယ်ကိုရိုနာဗိုင်းရပ်က ဦးနှောက်ထဲကို   တိုက်ရိုက်ဝင်ရောက် ကူးစက်နိုင်ခြင်း ရှိ၊ မရှိဆိုတာကို သိရှိနားလည်ခြင်းဟာ သာမန်ထက်လွန်ကဲတဲ့  အရေးကြီးမှုဖြစ်တယ်ဆိုပြီး  ကယ်လီဖိုးနီးယား တက္ကသိုလ် အာရုံကြောဌာနမှူး ဒေါက်တာ အန်ဒရူး ဂျိုးဆပ်ဆန်ကလည်း ပြောပါတယ်။ ဒီဗိုင်းရပ်ဟာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေရဲ့ ပတ်ပတ်လည်မှာတည်ရှိပြီး ရောဂါပိုး လိုမျိုးပြင်ပအရာတွေ အဲဒီထဲကိုမဝင်နိုင်အောင် တားဆီးပေးဖို့ကြိုးပမ်းတဲ့ blood-brain-barrier လို့ခေါ်တဲ့ အတားအဆီးကို ချိုးဖောက်ဝင်ရောက်ပြီး  ကူးစက်နိုင်တယ်ဆိုတဲ့အချက်ဟာ လက်ခံ နိုင်ဖွယ်ရှိပါတယ်။

ဥပမာအားဖြင့်ကြည့်ရင် ဇီကာဗိုင်းရပ် ကူးစက်မှုဖြစ်တုန်းက သန္ဓေသားရဲ့ဦးနှောက်ဟာ ဖွံ့ဖြိုးမှုမရှိတော့ဘဲ ပျက်စီးသွားတာက ဗိုင်းရပ်ဟာ ဦးနှောက်ထဲထိ ဝင်ရောက်သွားလို့ဖြစ် ပါတယ်။ အခုသုတေသနမတိုင်မီ ဆရာဝန်တွေ လက်ခံယုံကြည်ထားတာက ဆိုက်တိုကိုင်း မုန်တိုင်းလို့ခေါ်တဲ့ ခန္ဓာကိုယ်အတွင်းမှာ ဗိုင်းရပ်ကူးစက်မှုကိုတိုက်ထုတ်တဲ့ ကိုယ်ခံအား  အလွန်အကျွံ ထွက်ပေါ်မှုကြောင့်  ဦးနှောက်ရောင်ရမ်းမှုကိုဖြစ်စေပြီး အဲဒီကနေမှတစ်ဆင့်    အာရုံကြောစနစ် အပေါ် အကျိုးသက်ရောက် စေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်   ဒေါက်တာအာကီကိုအီဝါ ဆာကီနဲ့အဖွဲ့ဟာ သူတို့ရဲ့သုတေသနအတွက် နည်းလမ်း သုံးသွယ်ကိုရွေးချယ် လိုက်ပါတယ်။ အဲဒါတွေကတော့ ဓာတ်ခွဲခန်းမှာ တုပပြုလုပ်ထားတဲ့ ဦးနှောက်ဇီဝရုပ်များကို ဗိုင်းရပ်ကူးစက်စေခြင်း၊ ကြွက်များကို ဗိုင်းရပ်ကူးစက်စေခြင်းနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ ဦးနှောက်တစ်သျှူးတွေကို   လေ့လာ စမ်းသပ်ခြင်း နည်းလမ်းတို့ပဲဖြစ်ပါတယ်။

ဦးနှောက်ဇီဝရုပ်နဲ့စမ်းသပ်ရာမှာတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဦးနှောက်အတွင်းမှာရှိတဲ့ နျူရွန်တွေကို ကူးစက်နိုင်စွမ်းရှိပြီး ပုံတူပွားဖို့အတွက် နျူရွန်ကလာပ်စည်းရဲ့ ယန္တရားကို သိမ်းပိုက်လိုက်တာ   တွေ့ရပါတယ်။

နောက်ထပ်ကူးစက်ခံရတဲ့ ကလာပ်စည်းတွေကလည်း အနီးအနားမှာရှိတဲ့ကလာပ် စည်းတွေ သေဆုံးအောင်   အောက်ဆီဂျင်အထောက်အပံ့ကို   ဖြတ်တောက်လိုက်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်ပြီး ငြင်းချက်ထုတ်စရာတွေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ဗိုင်းရပ် တွယ်ကပ်မှ ုဖြစ်ရာတစ်ခုတည်းသော ပရိုတိန်းဖြစ်တဲ့ ACE2 ပရိုတိန်းဟာ ဦးနှောက်ထဲမှာ ပမာဏအများ အပြားမရှိဘူးဆိုတဲ့ အဆိုဖြစ်ပါတယ်။ အဲဒီ ပရိုတိန်းကိုတော့ အဆုတ်လိုမျိုးကိုယ်တွင်း ကလီစာတွေမှာ   အများအပြားတွေ့ရပါတယ်။

ဒါပေမဲ့  စမ်းသပ်ခံဦးနှောက်ဇီဝရုပ်မှာ ဗိုင်းရပ်တွယ်ကပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ACE2 ပရိုတိန်းတွေကို တွေ့ရတဲ့အပြင် သေသွားတဲ့လူနာတွေရဲ့ ဦးနှောက်တစ်သျှူး တွေမှာလည်း အဲဒီပရိုတိန်းကို တွေ့ရတယ်လို့ သုတေသနကဆိုပါတယ်။ ဒါ့အပြင်    စိတ်ဂနာမငြိမ်ဖြစ်နေတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ ကျောရိုးမကြီးထဲကအရည်ကို ရယူစစ်ဆေးမှုတွေလုပ်ရာမှာ   ဗိုင်းရပ်ကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းတွေ တွေ့ရတဲ့အတွက်လည်း သူတို့ရဲ့အယူအဆ ကိုပိုမိုလက်ခံစေ ပါတယ်။

နောက်တစ်နည်းဖြစ်တဲ့ ကြွက်တွေနဲ့ စမ်းသပ်မှုမှာတော့ အဆုတ်မှာသာ ACE2 ပရိုတိန်း ရှိအောင် မျိုးရိုးဗီဇပြောင်းထားတဲ့ ကြွက်တွေနဲ့ ဦးနှောက်မှာသာ အဲဒီပရိုတိန်းရှိတဲ့ ကြွက်တွေဆိုပြီး  အုပ်စုနှစ်ခုခွဲလိုက်ပါတယ်။ အဆုတ်ကို ဗိုင်းရပ်ကူးစက်ခံရတဲ့ ကြွက်တွေ ကတော့ အဆုတ်နာရောဂါဖြစ်တာကို တွေ့ရပြီး ဦးနှောက်ကို ဗိုင်းရပ်ကူးစက်ခံရတဲ့ ကြွက်တွေမှာတော့ ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းကာ သေဆုံးသွားတာကို တွေ့ရပါတယ်။ ဒါဟာ ဗိုင်းရပ်က ဦးနှောက်ထဲဝင်သွားရင် အသက်ဘေးအတွက် ပိုပြီးအန္တရာယ် ကြီးမား တယ်ဆိုတာကို ညွှန်ပြနေပါတယ်။

နောက်ဆုံးစမ်းသပ်မှုမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုဗစ်-၁၉ လူနာသုံးဦးရဲ့ ဦးနှောက်တွေ ကို လေ့လာခြင်းပဲဖြစ်ပါတယ်။  အဲဒီလိုလေ့လာရာမှာ သူတို့အားလုံးရဲ့ ဦးနှောက်တွေထဲမှာ ဗိုင်းရပ်ပမာဏ အမျိုးမျိုးတည်ရှိနေတာကို တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က  ဦးနှောက်ထဲရှိ ဗိုင်းရပ်ကူးစက်ခံရတဲ့နေရာကို တီကလာပ်စည်းလိုမျိုး ကိုယ်ခံအား စနစ်ကနေ ထွက်ပေါ်လာတဲ့ တိုက်ခိုက်ရေး ကလာပ်စည်းတွေ ထိုးဖောက်ဝင်ရောက်ထားခြင်း မရှိတာကိုပါ    တွေ့လိုက်ရတာဖြစ်ပါတယ်။

အဲဒီကလာပ်စည်းတွေဟာ  ဇီကာ သို့မဟုတ်   ရေယုန်လိုမျိုးဗိုင်းရပ်တွေကို တော့  ဦးနှောက်ထဲ အထိ လိုက်လံတိုက်ခိုက် တာမျိုးရှိပေမယ့်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကျမှသာ   အခုလို တိုက်ခိုက်မှုမျိုး မရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဆိုက်တိုကိုင်းမုန်တိုင်းလို့ ခေါ်တဲ့ ကိုယ်ခံအား အလွန်အကျွံ ထွက်ပေါ်မှုကြောင့် ကိုဗစ်-၁၉ လူနာတွေရဲ့ အဆုတ်နေရာအများအပြားကို ပျက်စီးစေနိုင်သော်လည်း အာရုံကြောစနစ်ကို ထိခိုက်လာတာကတော့ သူ့ရဲ့လက်ချက် မဟုတ်ဘူး ဆိုတာကို ထင်ထင်ရှားရှား တွေ့နေရပါတယ်။

ဦးနှောက်ထဲကို   ဗိုင်းရပ်က တိုက်ရိုက် ရောက်ရှိနိုင်စေဖို့အတွက်   အဓိကကျတဲ့ လမ်းကြောင်း ကတော့ နှာခေါင်းဖြစ်တယ်ဆိုပြီး သုတေသီတွေကဆိုပါတယ်။ ဒါပေမဲ့  အသေးစိတ် သိရှိနိုင်ဖို့အတွက် နောက်ထပ် သုတေသနတွေလုပ်ရဦးမှာပါ။ ဒါ့အပြင် ဦးနှောက်ထဲကို ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုက ဘယ်လောက် အတိုင်းအတာအထိ ရှိတယ်ဆိုတာကိုသိရှိနိုင်ဖို့အတွက် နောက်ထပ် အလောင်းခွဲစိတ်စစ်ဆေးမှုတွေကို လုပ်ရဦးမယ်လို့ သူတို့ကဆိုပါတယ်။

ဒီသုတေသနကို ကြည့်ခြင်းအားဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဦးနှောက်ထဲကို တိုက်ရိုက် ဝင်ရောက် ကူးစက်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဒီလိုကူးစက်ရာမှာလည်း   ကိုယ်ခံအား စနစ်ရဲ့   ဗိုင်းရပ်တိုက်ထုတ်ရေး ကလာပ်စည်းတွေက အဲဒီဗိုင်းရပ်အပေါ် ဘယ်လိုမှ မသက်ရောက် စေနိုင်ဘူးဆိုတာကိုလည်း  ထူးခြားစွာတွေ့ရပါတယ်။ ဒါကြောင့်   နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ဘယ်လိုနည်းနဲ့မဆို  ကူးစက်နိုင်တဲ့ အခြေအနေဖြစ်တာက တစ်ကြောင်း၊ ကူးစက်မှု ကလည်း လျင်မြန်ပြင်းထန် တာကတစ်ကြောင်း၊ အခုနောက်ဆုံး ဦးနှောက်ကိုပါ တိုက်ရိုက် ကူးစက်နိုင်တယ်ဆိုတာကို တွေ့ရှိခြင်းကတစ်ကြောင်း ဒီလိုအကြောင်းတရား တွေကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးရမှု၊ ကိုယ့်ဆီကနေ သူတစ်ပါးဆီကို ထပ်မံကူးစက်မှုဆိုတဲ့  အကျိုးတရား မဖြစ်ပေါ်လာအောင် ပြည်သူအားလုံးသတိရှိရှိနဲ့  ဆင်ဆင်ခြင်ခြင် နေထိုင် သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ 

Ref: TST