အမေရိကန် သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာ နိုဘယ်ဆုရရှိ

အမေရိကန် သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာ နိုဘယ်ဆုရရှိ

အမေရိကန် သိပ္ပံပညာရှင်များဖြစ်သော ဒေးဗစ်ဂျူးလီးယက်နှင့် အာဒမ်ပါတာပူတီယန် တို့သည် ၂ဝ၂၁ ခုနှစ် အတွက် ဆေးပညာနိုဘယ်ဆုကို ပူးတွဲရရှိကြောင်း နိုဘယ်ဆုရွေးချယ် ချီးမြှင့်ရေး တော်ဝင်ဆွီဒင် သိပ္ပံအဖွဲ့အစည်းက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

၎င်းတို့နှစ်ဦးသည် အပူချိန်နှင့် ထိတွေ့မှုများအတွက် လက်ခံကလာပ်စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ထိုသို့ရှာဖွေတွေ့ရှိမှုကြောင့် နာတာရှည် နာကျင်ကိုက်ခဲမှု အပါအဝင် အမျိုးမျိုးသော ရောဂါဝေဒနာများ ကုသရေးအတွက် အသုံးတည့်နိုင်မည် ဖြစ်ကြောင်း  နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောသည်။

အဆိုပါဆေးပညာနိုဘယ်ဆုကို တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုငွေတန်ဖိုးမှာ ဆွီဒင်ခရောင်း ၁ဝ သန်းဖြစ်သည်။ ဒိုင်းနမိုက်ကို တီထွင်သူ ဆွီဒင်နိုင်ငံသား အဲဖရက်နိုဘယ်က ဖန်တီးခဲ့သည့် သိပ္ပံ၊ စာပေနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုများကို ၁၉ဝ၁ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ကာ ၁၉၆၉ ခုနှစ်တွင် စီးပွားရေး နိုဘယ်ဆုကို ထည့်သွင်းချီးမြှင့် လာခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တီထွင်နိုင်သူများ အနေဖြင့် ယခုနှစ် သို့မဟုတ် လာမည့်နှစ်များတွင် နိုဘယ်ဆု ချီးမြှင့်ခံရနိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင်အချို့က သုံးသပ်ထားသော်လည်း ထိုသို့မဖြစ်လာသည့်အတွက် ဆေးပညာ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့မှာ ဝေဖန်ခံနေရသည်။

ပြီးခဲ့သည့်နှစ်အတွက် ဆေးပညာ နိုဘယ်ဆုကို အမေရိကန် နိုင်ငံသားများဖြစ်သော ဟာဗေးအောတား၊ ချားစရိုက်နှင့် ဗြိတိန်နိုင်ငံသား  မိုက်ကယ်ဟောက်တန်တို့က ရရှိကြောင်း သိရသည်။               

 Ref: TST