Online Video Conferencing စနစ်ဖြင့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၂)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကျင်းပ

Online Video Conferencing စနစ်ဖြင့် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၂)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ - ၁၁

 တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၂) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်က Online Video Conferencing  စနစ်ဖြင့်မိန့်ခွန်းပြောကြားသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော် ကိုယ်စား လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်း အပ်နှင်းပြီး လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၂)မှ စံပြလေ သူရဲဆုရ ဗိုလ်ဘုန်းသက်နိုင် အားလည်းကောင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ်ဇေရဲမြတ်အားလည်းကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ် အောင်ဇော်မျိုးအားလည်းကောင်း၊ ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် ယခုအချိန်သည် COVID-19 ရောဂါနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ရင်ဆိုင်နေရသည့်အပြင် မြန်မာနိုင်ငံတွင်လည်း မကြာသေးသည့်ကာလအတွင်းမှာ COVID-19 ရောဂါကူး စက်မှုနှုန်း ပြန်လည်မြင့်တက်လာခဲ့သည့်အတွက် လေသူရဲတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ကာကွယ် ရေးဦးစီးချုပ်(လေ) ကိုယ်တိုင် မတက်ရောက်နိုင်သဖြင့် Video Conferencing  စနစ်ဖြင့် မိန့်ခွန်း ပြောကြားခြင်းဖြစ်ကြောင်း။

ရဲဘော်တို့အနေဖြင့် တပ်မတော်(လေ)၏ လေသူရဲဘဝကို စတင်ဖြတ်သန်း ရတော့မည်ဖြစ်ပြီး ပေးအပ်လာမည့် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လေယာဉ်မောင်းသင်ကျောင်း၏ လေ့ကျင့်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး လေ့ကျင့်သားပြည့်ဝမှု၊ ခံနိုင်ရည်ပြည့်ဝမှုနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုတို့ကို သင်တန်းကာလ အတွင်း လက်တွေ့သာဓကပြခဲ့ကြပြီးဖြစ်ကြောင်း၊ လေကျင့်သားပြည့်ဝနေမှသာ စစ်ဆင်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပျံသန်းရေးတာဝန်များကို အန္တရာယ်ကင်းရှင်း စွာဖြင့် စိတ်ချယုံကြည်စွာ တာဝန်ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်ရေးအတွက် နည်းပညာပိုင်းနှင့် လေ့ကျင့်ရေးပိုင်းစိန်ခေါ်မှုများ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ အပြောင်းအလဲများ၌ လိုက်ပါပြောင်းလဲနိုင်သူသာလျှင် အောင်မြင်မှု ရရှိနိုင်သည်ဆိုသည့် အဆိုအမိန့်အရ စစ်နည်းဗျူဟာနှင့် နည်းပညာများကို အမြဲမပြတ် လေ့လာပြီး ကြိုတင်စီမံ ဆောင်ရွက်နိုင်သည့်ဘက်ကသာ စစ်ပွဲကို အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ကြောင်း။ ထို့ကြောင့် နိုင်ငံ၏ ဓနအင်အားအရ နည်းပညာပြောင်းလဲမှုနှင့် လေ့ကျင့်ရေး ပိုင်းကဏ္ဍနှစ်ခုအပေါ် မဟာဗျူဟာကျကျ စဉ်းစားဆုံးဖြတ်ပြီး အမြဲတိုက်ပွဲဝင် အသင့်ဖြစ်နေရန် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)တွင် လေသူရဲအရာရှိငယ်များအဖြစ် စတင်တာဝန် ထမ်းဆောင်ကြတော့မည့် ရဲဘော်တို့ကို မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် နိုင်ငံတော်၏အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် အလေးထား ဆောင်ရွက်လျက်ရှိသည်ကို ရဲဘော်တို့အသိပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့သည် ၎င်းတို့၏ အကျိုးစီးပွားနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးစိတ်ဓာတ်ကို အကြောင်းပြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေရန် လက်နက်ကိုင်သောင်းကျန်းမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ရဲဘော်တို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို  သမိုင်းပေးတာဝန် တစ်ရပ်အဖြစ် ဆက်လက် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၈ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်တွင် အလွန်အရေးကြီးသဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်း၊ တပ်မတော်သည် ပြည်သူက အားကိုးရသည့်တပ်မတော်၊ နိုင်ငံတော်ကအားထားရသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ ပြည်သူက အားကိုးရသည့်တပ်မတော်ဖြစ်ရန်အတွက် စစ်စည်းကမ်းကောင်းမွန်ရန်နှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်ငယ်များဖြစ်ကြသည့်အတွက် မိမိစစ်သည်များကို မှန်ကန်စွာ ဦးဆောင်တိုက်ပွဲဝင်နိုင်ရန် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့်ပြည့်စုံ ရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင်  “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် က မည်သည့်အဖွဲ့အစည်းဖြစ်စေ အုပ်ချုပ်ကွပ်ကဲ သည့်ခေါင်းဆောင်များ ကောင်းမွန်မှသာ တိုးတက် မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းလျှင် ဆုံးရှုံးနစ်နာသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင် များအပေါ် မှန်ကန်သောခေါင်းဆောင်မှုပေးရန် လိုအပ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို တိုးတက်အောင်မြင်ရန် စနစ်တကျ ဦးဆောင်သွားကြရမည်ဖြစ်ကြောင်း” ကို မိန့်ကြားခဲ့ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် ပျံသန်းရေးပိုင်းတွင် ကျွမ်းကျင်သည့် လေသူရဲများဖြစ်အောင် ဆည်းပူးလေ့ကျင့်နေရမည် ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်က စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စံနမူနာပြ ခေါင်းဆောင်မှု ပေးနိုင်ကြရန်လည်း လေ့ကျင့်တည်ဆောက်ကြရန်လိုအပ်ကြောင်း၊ မိမိတပ်ဖွဲ့နှင့် ပတ်သက်ပြီး ခေါင်းဆောင်မှုကောင်းအောင် ကြိုးစားရန်လိုအပ်သကဲ့သို့ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ ရာတွင်လည်း ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိုလည်း မှာကြားလိုကြောင်း။

ယခုအပ်နှင်းပေးသည့် လေသူရဲတောင်ပံသည် သာမန်အဆောင်အယောင် တစ်ခုသာမကဘဲ  “ဝေဟင်ထက်တွင် လေယာဉ်ကို ကျွမ်းကျင်စွာ ပျံသန်းရင်း နိုင်ငံတော် ကာကွယ်ရေးအတွက် အသက်ကိုပင်ငဲ့ကွက်ခြင်းမရှိဘဲ စွန့်လွှတ်စွန့်စားရဲသော သူရဲကောင်း” ဆိုသည့် ဂုဏ်ဒြပ်ကို ဖော်ဆောင်သည့် သင်္ကေတအမှတ်အသားပင် ဖြစ်ကြောင်း၊ လေသူရဲ တောင်ပံအပ်နှင်းခြင်းခံရခြင်းသည် လေသူရဲတစ်ယောက်အဖြစ် သတ်မှတ်ခြင်းဆိုသည့် မှတ်တိုင်တစ်ခုမျှသာဖြစ်ပြီး လေသူရဲကောင်း တစ်ဦးဖြစ်ရန် မိမိကိုယ်တိုင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လေသူရဲကောင်း တစ်ဦးသည် လေယာဉ်/ ရဟတ်ယာဉ်တစ်စီးကို မောင်းနှင် ပျံသန်းတတ်ရုံနှင့် မလုံလောက်ဘဲ ပျံသန်းရေးစည်းကမ်းများကို တိကျစွာလိုက်နာတတ်မှု၊ မိမိလေယာဉ်/ ရဟတ် ယာဉ်များ၏ စွမ်းပကားများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်မှု၊ ဘေးအန္တရာယ် ကင်းရှင်းစွာပျံသန်းနိုင်မှု၊ ပျံသန်းရေး စိတ်ဓာတ်မြင့်မားကောင်းမွန်မှု၊ ပျံသန်းရေးပညာနှင့် လေကြောင်းဆိုင်ရာ ဗဟုသုတများကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာမှုစသည့် အချက်တွေကိုပါ အမြဲလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ပျံသန်းမှုအရည်အချင်းကို အမြင့်ဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခြင်းသည် လေသူရဲတစ်ဦး၏ အရေးအကြီးဆုံးထိန်းသိမ်းအပ်သော ဂုဏ်ပုဒ်တစ်ခုပဲဖြစ်ကြောင်း။ ထို့ပြင် မိမိ၏ပျံသန်းရေးတာဝန်ကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်း၊ ပျံသန်းရေးအတတ်ပညာကို ကိုယ်စွမ်းညဏ်စွမ်းရှိသမျှလေ့လာခြင်း၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုကို ထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်ရင်းဖြင့် ပျံသန်း ရေးပညာရပ်များကိုလည်း  မျှဝေသင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပျံသန်းရေး တာဝန်များကို နေ့၊ ည အချိန်မရွေး တာဝန်ထမ်းဆောင်ကြရမည့် လေသူရဲများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန် လိုအပ်သကဲ့သို့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန်လည်း အရေးကြီးကြောင်း၊ လေသူရဲလောင်းတစ်ဦးအဖြစ် စတင်ရွေးချယ်စဉ်ကတည်းက ကျန်းမာ ရေးအဆင့်မြင့်မားသူများကိုသာ စနစ်တကျ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်မှသာ စိတ်ဓာတ်အင်အားကောင်းပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို မြန်ဆန်စွာ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ လေသူရဲတစ်ဦးသည် တန်ဖိုးကြီးမားသည့် လေယာဉ်/ ရဟတ်ယာဉ်များကို ယုံကြည်စိတ်ချစွာ အပြည့်အဝ တာဝန်ယူပျံသန်းနိုင်ရေး အမြဲတမ်းကြိုးစားနေရမည်ဖြစ်ကြောင်း၊ မိမိတို့ရရှိသည့် ပျံသန်းချိန်နာရီနှင့်ညီမျှသည့် အတွေ့အကြုံ၊ အရည်အသွေး တိုးတက်လာစေရန် အစဉ် အလေးထား လေ့ကျင့်ပျံသန်းသွားရန် မှာကြားလိုကြောင်း၊ ထိုသို့ ပျံသန်းမှုအရည်အသွေး တိုးတက်မြင့်မားလာစေရန် ပျံသန်းမှုအထောက်အကူပြုစေမည့် ပျံသန်းရေးပညာရပ်များ၊ စာပေပညာရပ်များ၊ စစ်နည်းဗျူဟာ ပညာရပ်များ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဗဟုသုတများ၊ လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ စသည်တို့ကို အမြဲမပြတ် လေ့လာနေရမှာဖြစ်ကြောင်းပြောကြားသည်။

ယနေ့လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိ ၂၃ ဦးတို့သည် သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ်အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။