ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးများ ကျိုင်းတုံမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးများ ကျိုင်းတုံမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၅

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinaphorn  ဆေးအလုံးပေါင်း ၁၆၀၀၀ ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် မှ တပ်မတော်(လေ)၏ ပို့ဆောင်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။