အိန္ဒိယ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားနိုင်ဟုဆို

အိန္ဒိယ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားနိုင်ဟုဆို

အိန္ဒိယနိုင်ငံ၌ လာမည့်လများ အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားနိုင်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီး က အောက်တိုဘာ ၅ ရက်တွင် သတိပေးထားသည်။

အထူးသဖြင့် ကျောက်မီးသွေး ပြတ်လပ်မှုနှင့် ကပ်ရောဂါ ကာလနောက်ပိုင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီး အာကေဆင်းက ပြောသည်။

တရုတ်နှင့်ဥရောပဒေသရှိ နိုင်ငံများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ရောင်းလိုအား ကွင်းဆက်များကို   ပျက်စီး စေပြီး   ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုဖြစ်ပေါ်စေပြီးနောက် ဝန်ကြီး၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် အောက်တိုဘာ ဒုတိယလဝက်တွင် ရာသီဥတုသည် အအေးဘက်သို့ ကူးလာသည့်အတွက် လျှပ်စစ်ဓာတ်အား   လိုအပ်ချက်စတင် ကျဆင်းရမည်ဖြစ်ကြောင်း၊    သို့သော် ထင်သလောက်မလွယ်ဘဲ လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ လွန်စွာကြီးမား လာနိုင်ကြောင်း အာကေဆင်း ကပြောသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ကျဆင်းသွားဖွယ် မရှိဘဲ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား အသုံးပြုသူ ၂၈ ဒသမ ၂ သန်းပိုများလာကြောင်း၊    ၎င်းတို့အနက် အများစုမှာ ဝင်ငွေနည်း အလယ်အလတ် အဆင့်ရှိသူများနှင့် ဆင်းရဲသူများဖြစ်သောကြောင့် ပန်ကာများ၊ မီးလုံးများနှင့် ရုပ်မြင်သံကြား စက်များကို ယခုမှ ဝယ်ယူလာကြောင်း အာကေဆင်းက ဆက်ပြောသည်။

စက်တင်ဘာလကုန်တွင် အိန္ဒိယနိုင်ငံ အတွင်းရှိ ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၌ ကျောက်မီးသွေး ပမာဏမှာ ပျမ်းမျှအားဖြင့် လေးရက်စာသာ  ကျန်ရှိတော့သည်အထိ ဖြစ်ကာ ထိုပမာဏမှာ နှစ်ပေါင်းများစွာအတွင်းအနည်းဆုံးဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက် စုစုပေါင်းအနက် ၇ဝ ရာခိုင်နှုန်းသည် ကျောက်မီးသွေးအပေါ် မှီခိုနေကာ လိုအပ်သည့်  ကျောက်မီးသွေး လေးပုံသုံးပုံကို ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။                 

 Ref: TST