ရာသီဥတု ပညာရှင်နှစ်ဦးနှင့် သဘောတရား ပညာရှင်တစ်ဦးတို့ ရူပဗေဒ နိုဘယ်ဆုရရှိ

ရာသီဥတု ပညာရှင်နှစ်ဦးနှင့် သဘောတရား ပညာရှင်တစ်ဦးတို့ ရူပဗေဒ နိုဘယ်ဆုရရှိ

ရာသီဥတုပညာရှင် နှစ်ဦးဖြစ်သည့် ဂျပန် နွယ်ဖွား    အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင် ယူကူရိုမာနာဘဲ၊ ဂျာမနီနိုင်ငံသား ဒေါက်တာကလော့ဟက်ဆယ်မန်းနှင့် သဘောတရားပညာရှင် တစ်ဦးဖြစ်သည့် အီတလီနိုင်ငံမှ ဒေါက်တာဂျော်ဂျီယိုပါရီစီ တို့သည် ရူပဗေဒ နိုဘယ်ဆုကို ပူးတွဲရရှိကြောင်း နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက အောက်တိုဘာ ၅ ရက်တွင် ပြောသည်။

အသက် ၉ဝ ရှိပြီဖြစ်သည့် ဒေါက်တာယူကူရိုမာနာဘဲနှင့်   အသက် ၈၉ ရှိ ဒေါက်တာကလော့ဟက်ဆယ်မန်း တို့သည် ရာသီဥတုဆိုင်ရာ ပုံစံများကို သုတေသနပြုမှုကြောင့် နိုဘယ်ဆု တစ်ဝက်ကို ရရှိသည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် ဒေါက်တာဂျော်ဂျီယိုပါရီစီ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စနစ်များတွင် ပုံစံမမှန်ခြင်းနှင့် အတက်အကျ ဖြစ်ခြင်းတို့၏ အပြန်အလှန် သက်ရောက်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့သည့်အတွက် ကျန်ရှိသည့် နိုဘယ်ဆုတစ်ဝက်ကို ရရှိခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါက်တာ ယူကူရိုမာနာဘဲနှင့် ဒေါက်တာကလော့ဟက်ဆယ်မန်းတို့အနေဖြင့် ဆွီဒင်ခရောင်း ၅ သန်းနှင့် ဒေါက်တာဂျော်ဂျီယိုပါရီစီက ဆွီဒင်ခရောင်း ၅ သန်းကို ရရှိမည်ဖြစ်သည်။

ယူကူရိုမာနာဘဲနှင့် ကလော့ဟက်ဆယ်မန်းတို့၏ သုတေသနပြုချက်က ကမ္ဘာကြီး၏ ရာသီဥတုဖြစ်စဉ်နှင့် လူသားတို့က ထိုရာသီဥတုအပေါ်  မည်ကဲ့သို့ လွှမ်းမိုးသည်ကို သိရှိနိုင်ရန်  အုတ်မြစ်ချပေးနိုင်ကြောင်း   ဆုရွေးချယ်ရေး အဖွဲ့ကပြောသည်။

ဂျော်ဂျီယိုပါရီစီ၏ တွေ့ရှိချက်ကမူ ပုံစံမမှန်သော အရာဝတ္ထုများနှင့် ကျပန်းဖြစ်သော လုပ်ငန်းစဉ်များ၏    အယူအဆ သဘောတရားကို   လုံးလုံးလျားလျား ပြောင်းလဲစေသည့် အတွက် နိုဘယ်ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း သိရသည်။

Ref: TST