အာကာသအတွင်း ပထမဆုံး ရုပ်ရှင်ရိုက်ကူးမည့် ရုရှား ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိ

အာကာသအတွင်း ပထမဆုံး ရုပ်ရှင်ရိုက်ကူးမည့် ရုရှား ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိ

အာကာသအတွင်း ပထမဆုံး ရုပ်ရှင်ရိုက်ကူးမည့် ရုရှားရုပ်ရှင် ရိုက်ကူးရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင်  နိုင်ငံတကာ အာကာသစခန်းသို့  ထွက်ခွာပြီး ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် အာကာသယာဉ်မှူး နှစ်ဦး၊    ရုပ်ရှင်ဒါရိုက်တာ တစ်ဦးနှင့် သရုပ်ဆောင် မင်းသမီးတစ်ဦးတို့ ပါဝင်ကာ ၎င်းတို့ကို  Soyuz MS-19 အာကာသယာဉ်က သယ်ဆောင်သွားခြင်း ဖြစ်သည်။

ယခုကဲ့သို့ အာကာသအတွင်း ရုပ်ရှင်ရိုက်ကူးရေးအတွက် ရုရှားက ရိုက်ကူးရေး အဖွဲ့ကို နိုင်ငံတကာ အာကာသစခန်းသို့ ၁၂ ရက်ကြာ စေလွှတ်ခြင်းသည် ပြိုင်ဘက် အမေရိကန်အပေါ် တစ်ပန်းသာသွားခြင်း ဖြစ်သည်။

အမေရိကန်ရှိ ဟောလိဝုရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင်တွမ်ခရုက NASA ၊ SpaceX တို့နှင့် ပူးပေါင်းကာ အာကာသအတွင်း ရုပ်ရှင်ရိုက်ကူးမည်ဟု ကြေညာပြီးနောက်   ရုရှားက လက်ဦးမှု ရယူကာ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။

ရုရှားကရိုက်ကူးမည့် The Challenge အမည်ရှိ ရုပ်ရှင်သည် ဆရာဝန်တစ်ဦး၏ ဇာတ်ကြောင်းကို ဦးစားပေး ပုံဖော်ထားပြီး ထိုဆရာဝန်အနေဖြင့် နိုင်ငံတကာ အာကာသစခန်းရှိ အာကာသယာဉ်မှူး၏ အသက်ကိုကယ်ရန် အဆိုပါစခန်းသို့ သွားရပုံကို ရိုက်ကူးသွားမည်ဖြစ်သည်။

ရုရှားနှင့်အမေရိကန်တို့သည် အာကာသအတွင်း အဘက်ဘက်မှ လေ့လာရေးလုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာခြင်းဖြစ်ကာ  ရုရှားက ကမ္ဘာ့ပထမဆုံးသော ဂြိုဟ်တုအပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို   အာကာသအတွင်း စေလွှတ်ခြင်းဖြင့် အနိုင်ယူခဲ့သလို အမေရိကန်ကလည်း   လပေါ်သို့ လူသားများ ခြေချခြင်းဖြင့် ပြန်လည်အနိုင်ယူနိုင် ခဲ့ကြောင်း သိရသည်။       

Ref: TST