မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်  အောက်တိုဘာ  ၅

 ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ နယ်ရှိ အမှတ် (၃)အခြေခံပညာ မူလတန်း ကျောင်း(မူလွန်)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသည်။

ယင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပေးရာတွင်    ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းများ ဆောင်ရွက်ကြပြီး ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြား ဆောင်ရွက်ပေးကြသည်။

ယနေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင် ၂၇၂ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဆေးထိုးနှံ ရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ  လုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ထိုးထားရင်တော့အဆင်ပြေမယ်။ ဒီနေ့ဆို ရုပ်ရှင်လောကသားတွေနဲ့ မိသားစုဝင်တွေ တော်တော်များများ ကာကွယ်ဆေးလာထိုး ကြတာကို တွေ့ရပါတယ်။ ရှေ့မှာလည်း ရုပ်ရှင်လောကသား ၅ဝ လောက် ကာကွယ် ဆေးထိုးနှံပြီးပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ  နာယကအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ ကြီးကြပ်အလွှာ၊ အုပ်ချုပ် ဖြန့်ချိရေးအလွှာ၊ ထုတ်လုပ်သူအလွှာတွေ အပါအဝင် အလွှာပေါင်း ၁ဝ လွှာရှိတယ်။  သူ့အလွှာနဲ့သူ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဆက်သွယ်လာကြတဲ့အတွက် လူဦးရေစာရင်း ပြုစုပြီး ကျန်းမာရေးဌာနကို တင်ပြထိုးနှံပေးတာဖြစ်ပါတယ်။ အချို့ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးက သူတွေလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံထားတယ်လို့ သိရတယ်။'' 

''တော်တော်များများလည်း ကာကွယ် ဆေးထိုးထားကြပါတယ်။  ကာကွယ်ဆေး ထိုးနှံထားတာက ရိုက်ကွင်းတွေမှာ အားလုံးအဆင်ပြေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

 ''ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာ ရောက်ထိုးနှံသူ ရုပ်ရှင်သရုပ်ဆောင် မတူးက ဒီနေ့မှာ ကျွန်မတို့ အလွှာပေါင်းစုံက ရုပ်ရှင် လောကသားတွေ၊ မိသားစုဝင်တွေ စုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ လာရောက်ကြတာဖြစ်ပါတယ်။ စုစုပေါင်း ၂၇၂ ဦးရှိတယ်လို့ သိရပါတယ်။  မိမိရဲ့ ကျန်းမာရေးကို ကာကွယ်ရာလည်း ရောက်တယ်။ အခြားသူတွေကိုလည်း ကာကွယ်ရာရောက်တဲ့အတွက် ရုပ်ရှင်လောကသားတွေနဲ့ အတူ စုပေါင်းလာရောက် ဆေးထိုးနှံတာပါ။ ကာကွယ်ဆေးမထိုးရသေးတဲ့   ရုပ်ရှင်လောကသား ညီအစ်ကိုမောင်နှမတွေ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်''ဟု ပြောသည်။

ယနေ့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပြီးသူများကို နိုဝင်ဘာ ၃ ရက်တွင် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။