ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၂၆ ဦး ထပ်တိုး

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၂၆ ဦး ထပ်တိုး

နေပြည်တော် အောက်တိုဘာ ၅

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉  ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူ များနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၄-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီ မှ (၅-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၁၃၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ   ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၂၆ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၄၁၁၃၁၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၄၇၁၃ဝ၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၅ဝ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၂၅၄၄၇ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၆ ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၉၅၇ ဦးရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးမှ  ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှုနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့်   ရောဂါစောင့်ကြပ် ကြည့်ရှုရေးဆိုင်ရာ ရက်သတ္တပတ်အလိုက် သုံးသပ်ချက်များအရ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုး တွေ့ရှိမှုရာခိုင် နှုန်းတို့မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ ထိုသို့ စနစ်တကျ ဆောင်ရွက်နိုင်ခြင်း နှင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းကျဆင်းလာခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်သုံးခုရှိ မြို့နယ်ခြောက်မြို့နယ်အား နေအိမ်တွင် နေထိုင်ရေး အစီအစဉ်(Stay at Home) မြို့နယ်များအဖြစ်မှ ဖြေလျော့ပေးခဲ့ပြီး ဖြစ်သည်။

၃-၁ဝ-၂ဝ၂၁ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၁၉၄ ဦးနှင့် ၂-၁ဝ-၂ဝ၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြင့် အနည်းဆုံး တွေ့ရှိခဲ့ သည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှု ဆက်လက် လျော့နည်းလာစေရေး အတွက် ပြည်သူများ အနေဖြင့် မိမိတို့ကဏ္ဍ အလိုက်    ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm  တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။