တောင်ကိုရီးယား ပြည်သူ ၁ဝ ဦးလျှင် ကိုးဦးက ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးဖြစ်

တောင်ကိုရီးယား ပြည်သူ ၁ဝ ဦးလျှင် ကိုးဦးက ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးဖြစ်

တောင်ကိုရီးယားနိုင်ငံရှိ ပြည်သူ ၁ဝ ဦးလျှင် ကိုးဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်းနှင့် လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိရေး ရည်မှန်းချက်ကို နီးကပ်လာပြီဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၅ ရက်တွင်ပြောသည်။

တောင်ကိုရီးယား နိုင်ငံ၌ လူဦးရေ ၅၁ ဒသမ ၃ သန်းရှိရာ ၎င်းတို့အနက် ၇၇ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၃၉ ဒသမ ၇ သန်းမှာ ကာကွယ်ဆေး တစ်ကြိမ်  ထိုးပြီးသူများ ဖြစ်ကြောင်းနှင့် ထိုပမာဏသည် အသက် ၁၈ နှစ်အထက် ရှိသူ စုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းရှိကြောင်း ကိုရီးယားရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။

ကာကွယ်ဆေး အကြိမ်ရေ အပြည့်အဝ ထိုးပြီးသူ အရေအတွက်မှာ ၂၇ ဒသမ ၂ သန်းရှိသည့်အတွက် လူဦးရေ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်း သို့မဟုတ် အရွယ်ရောက်ပြီးသူများအနက် ၆၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။

ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို လိုလိုလားလား ထိုးလိုမှုနှင့် ကာကွယ်ဆေး အလွယ်တကူ ရရှိမှုတို့ကြောင့်     ယခု လကုန်ပိုင်းတွင် လူဦးရေ ၇ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးပေးပြီး ဖြစ်မည်ဟု ကျန်းမာရေး တာဝန်ရှိသူများက မျှော်လင့်ထားသည်။

ထို့ပြင် မြင့်မားသည့် ကာကွယ်ဆေးထိုးနှုန်းသည်   ပြည်သူများ အနေဖြင့် ပုံမှန်ဘဝတွင် နေထိုင်ရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုး အစီအစဉ် ကြီးကြပ်ရေးမှူး ဟောင်ဂျွန်အီက  ပြောသည်။

တောင်ကိုရီးယားအစိုးရက ကာကွယ်ဆေးထိုးနှုန်းကို   တိုးမြှင့်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးပြီးသူများကိုအကျိုးခံစားခွင့်များ ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Yonhap