ဥရောပ ကာကွယ်ရေး ကနဦး ဆောင်ရွက်ချက်ကို အမေရိကန် ထောက်ခံ

ဥရောပ ကာကွယ်ရေး ကနဦး ဆောင်ရွက်ချက်ကို အမေရိကန် ထောက်ခံ

ဥရောပသမဂ္ဂက    ဖော်ဆောင်မည့် ကာကွယ်ရေးဆိုင်ရာ ကနဦး ဆောင်ရွက်ချက်ကို အမေရိကန်က ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က   ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန်နှင့် တွေ့ဆုံစဉ် ကတိပြုသည်။

ပြင်သစ်သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့သည် အောက်တိုဘာ ၅ ရက်တွင်    ပြင်သစ်နိုင်ငံ၌ တွေ့ဆုံခြင်းဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က စစ်ရေးမဟာမိတ် အဖွဲ့ကို ဖွဲ့စည်းပြီးနောက် အမေရိကန်နှင့် ပြင်သစ်တို့ကြား ထိပ်တန်းအဆင့်ရှိပုဂ္ဂိုလ်များ    ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အဆိုပါစစ်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခြင်းကြောင့် သြစတြေးလျက အမေရိကန်မှနျူကလီးယား စွမ်းအင်သုံး  ရေငုပ်သင်္ဘောများကို လက်ခံရရှိမည် ဖြစ်သည့်အတွက် ပြင်သစ်နိုင်ငံနှင့် ချုပ်ဆိုထားသော ဒေါ်လာဘီလီယံပေါင်း များစွာ တန်ဖိုးရှိသည့် ရေငုပ်သင်္ဘောများ ဝယ်ယူရေး သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်သည့် အတွက် ပြင်သစ်နှင့် ထိုမဟာမိတ်အဖွဲ့တို့ကြား ဆက်ဆံရေး အနည်းငယ် တင်းမာလာပြီးနောက် ယခုဆွေးနွေးပွဲ  ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည့် အခွင့်အလမ်း တစ်ခုရှိသည်ကို     တာဝန်ရှိသူများက သဘောတူသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်များ  ထွက်ပေါ်လာစေရေးအတွက် ဆောင်ရွက်စရာများစွာ   ကျန်ရှိနေသေးကြောင်း အန်တိုနီဘလင်ကန်က ပြောသည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ၎င်းတို့ထံ တင်ပြရမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း    အန်တိုနီဘလင်ကန်က ဆက်ပြောသည်။

အလားတူ  နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ယုံကြည်မှုပြန်လည် ရရှိရေးအတွက် နှစ်နိုင်ငံစလုံးက ကြိုးပမ်းခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ပြင်သစ်နှင့် အမေရိကန်တို့ အနေဖြင့် ဘုံအကျိုးစီးပွားများနှင့် ပတ်သက်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

Ref: Sputnik