ထိုင်းကြက်ခြေနီ အဖွဲ့က ရွှေ့ပြောင်း အလုပ်သမားများကို ကာကွယ်ဆေး လိုက်ထိုးပေး

ထိုင်းကြက်ခြေနီ အဖွဲ့က ရွှေ့ပြောင်း အလုပ်သမားများကို ကာကွယ်ဆေး လိုက်ထိုးပေး

ထိုင်းကြက်ခြေနီအဖွဲ့က နိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  လိုက်လံထိုးနှံပေးခြင်းအား အောက်တိုဘာ ၅ ရက်တွင် စတင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများသည်   အစိုးရ၏ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဦးစားပေးအဖြစ် မပါဝင်သော်လည်း ရောဂါကူးစက် ပျံ့နှံ့နိုင်မှုအတွက် အန္တရာယ်အများဆုံး အုပ်စုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ထိုင်းကြက်ခြေနီအဖွဲ့က    ယခုလကုန်အထိ ရွှေ့ပြောင်းအလုပ်သမား အယောက် ၅ဝဝဝ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးရန် စီစဉ်ထားပြီး အောက်တိုဘာ ၅ ရက်တွင်မူ အထောက်အထားမဲ့ ရွှေ့ပြောင်းဒုက္ခသည်များ အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၃ဝဝ ခန့်ကို ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးနိုင်သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ရှိသည့်    ရွှေ့ပြောင်း အလုပ်သမား အရေအတွက်မှာ ၂ ဒသမ ၃၅ သန်းဖြစ်ကြောင်း အစိုးရ၏ စာရင်းဇယားများတွင် ဖော်ပြထားသော်လည်း ရွှေ့ပြောင်း အလုပ်သမားဦးရေ လေးသန်းမှ ငါးသန်းအထိ ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း ဒုက္ခသည်များ အဖွဲ့အစည်းက ခန့်မှန်းထားသည်။

အဆိုပါ ရွှေ့ပြောင်း အလုပ်သမား အများအပြားမှာ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ပင်လယ်စာ လုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းများရှိရာ လူသူထူထပ်သည့် နေရာများတွင် နေထိုင်ရသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို အလွယ်တကူ မရရှိနိုင်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်း အလွယ်တကူ ထိုးခွင့်မရခြင်းဖြစ်သည်။

ထိုင်းကြက်ခြေနီအဖွဲ့သည်   တရုတ်ကြက်ခြေနီအဖွဲ့က လှူဒါန်းသော ဆိုင်နိုဖမ်း အမည်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ တစ်သိန်းအနက် ၁ဝဝဝဝ ကိုချန်ထားကာ ရွှေ့ပြောင်းဒုက္ခသည် အယောက် ၅ဝဝဝ ကို ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။      

Ref: CNA