အသက်နှစ်လမှ ၁၈  လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

အသက်နှစ်လမှ ၁၈  လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ အသက်နှစ်လမှ ၁၈ လအတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စုစုပေါင်း ၁၆၁၅ ဦးကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပြီးဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ပခုက္ကူမြို့ ဒေသန္တရကျန်းမာရေး ဌာနခွဲ(၁)နှင့်   ဒေသန္တရ ကျန်းမာရေး ဌာနခွဲ(၂)တို့၌   ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ အသက်နှစ်လမှ ၁၈ လအတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါ  ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း စသည့်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရာ အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ကလေးငယ် ၁၄၇၆ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁၃၉ ဦး စုစုပေါင်း ၁၆၁၅ ဦးတို့အား   ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်သည်။

အဆိုပါပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို အောက်တိုဘာ ၁ဝရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့်၁၂ နာရီအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်၌ အသက်နှစ်လမှ ၁၈ လအတွင်းကလေးငယ် ၈ဝဝဝ ကျော်နှင့် ကိုယ်ဝန်ဆောင်မိခင် ၄၆ဝဝ ကျော် ရှိကြောင်း သိရသည်။