တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၁
    
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ 
    
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ခုတင်- ၃၀၀)၌ COVID-19  ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တပ်မတော်ဆေးရုံ၌ COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးလှည့်လည် ကြည့်ရှု၍လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။