တရုတ်သမ္မတက ရုတ်(တိုင်ပေ)နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း သွားမည်ဟု ကတိပြု

တရုတ်သမ္မတက ရုတ်(တိုင်ပေ)နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း သွားမည်ဟု ကတိပြု

တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)နှင့် ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၉ ရက်တွင် ကတိပြုကြောင်းသိရသည်။

တရုတ်ပြည်သူများ အနေဖြင့် ခွဲထွက်ရေး မူဝါဒကို ဆန့်ကျင်ကန့်ကွက်သည့် ရိုးရာအစဉ်အလာ ရှိကြောင်း၊ တရုတ်(တိုင်ပေ)အနေဖြင့် ခွဲထွက်ရေးကိုသာ ရှေးရှုလုပ်ဆောင်နေမှုက ပြည်မကြီး၏ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ချက်အတွက် အဟန့်အတားဖြစ်ကြောင်းနှင့်   ထိုသို့ လုပ်ဆောင်မှုသည် နိုင်ငံတော်ကို အားသစ်လောင်းမှု အတွက် အဆိုးဆုံးသော လျှို့ဝှက် အန္တရာယ်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။

ထို့ပြင် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးသည် တရုတ်(တိုင်ပေ)ရှိ ပြည်သူများ အားလုံးအတွက် အလုံးစုံသော အကျိုး စီးပွားများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှုကို    ဆက်လက် ကာကွယ်သွားမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ၁၉၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏    နောက်ဆုံးမင်းဆက်ကိုဖြုတ်ချနိုင်သည့် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနား၌ ပြောခြင်းဖြစ်သည်။

ရှီကျင့်ဖျင်သည် ၂ဝ၁၉ ခုနှစ်တွင် တရုတ်(တိုင်ပေ)အပေါ် အင်အားသုံးမည်ဟု တိုက်ရိုက်ပြောဆိုကာ ယခုနှစ်ဇူလိုင်လ တွင်လည်း တရုတ်(တိုင်ပေ)၏ မည်သည့်တရားဝင်ခွဲထွက်မှု မှန်သမျှကိုမဆို ချေမှုန်းမည်ဟု ဆိုထားသည့်အတွက်    ယခု ကတိပြုမှုက ယခင်ပြောဆိုမှုများထက် အနည်းငယ်  ပျော့ပျောင်းနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

တရုတ်အစိုးရသည် တရုတ်(တိုင်ပေ)ကို တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒဖြင့် အုပ်ချုပ်ခွင့် ပြုမည်ဟု  ကမ်းလှမ်းထားသော်လည်း တရုတ်(တိုင်ပေ)က  ၎င်းတို့သာ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်သည်ဟု တွင်တွင်ပြောဆိုကာ တရုတ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရသည်။

Ref: TST