ကမ္ဘာတစ်ဝန်းရှိ အစားအစာဈေးနှုန်းများ ၁ဝ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ကမ္ဘာတစ်ဝန်းရှိ အစားအစာဈေးနှုန်းများ ၁ဝ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

    ကမ္ဘာတစ်ဝန်းရှိ အစားအစာဈေးနှုန်းများသည်   စက်တင်ဘာလတွင်   နှစ်လဆက်တိုက်မြင့်တက်လာပြီးနောက် ၁ဝ နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့က ထုတ်ပြန်သည်။

အထူးသဖြင့် နှံစားအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်ဆီများ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း နှံစားအသီးအနှံများ ထုတ်လုပ်မှုသည် စံချိန်တင် မြင့်တက်မည်ဟု ခန့်မှန်းရသော်လည်း ထွက်ရှိမည့် ပမာဏက မျှော်မှန်းစားသုံးမှုပမာဏထက် နည်းပါးနေသေးကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့သည် ယခုနှစ်အတွင်း   တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် နှံစားသီးနှံတန်ချိန် ၂ ဒသမ ၈ ဘီလီယံအထိ   ထွက်ရှိမည်ဟုခန့်မှန်းထားသည်။

သို့သော် တိရစ္ဆာန်အစာ ထုတ်လုပ်ရာတွင် ဂျုံကို အသုံးပြုမှု များလာသောကြောင့် ကမ္ဘာ့နှံစား သီးနှံစားသုံးမှု ပမာဏသည် တန်ချိန်ပေါင်း ၂ ဒသမ ၈၁၁ ဘီလီယံ အထိမြင့်တက်လာမည်ဟု အဆိုပါအဖွဲ့ ကမျှော်မှန်းထားသည်။

ထိုအဖွဲ့သည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှု အများဆုံးသော စားသုံးကုန်များ၏ နိုင်ငံတကာဈေးနှုန်းကို  စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့စစ်တမ်း ကောက်ယူချက်အရ သြဂုတ်လ၏   အစားအစာ ဈေးနှုန်း ရည်ညွှန်းကိန်းသည် ၁၂၈ ဒသမ ၅ ဖြစ်ပြီး စက်တင်ဘာလ၏ ရည်ညွှန်းကိန်းမှာ ၁၃ဝ ဖြစ်လာသည့်အတွက် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်း လုပ်ဆောင်သော စစ်တမ်းကောက်ယူမှု ၁ဝ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာသည်။

နှစ်စဉ်ပျမ်းမျှအားဖြင့်   အစားအစာ ဈေးနှုန်းတက်မှုသည် စက်တင်ဘာလတွင် ၃၂ ဒသမ ၈ ရာခိုင်နှုန်းရှိကာ အဓိက အားဖြင့်    စိုက်ပျိုးရေး ထုတ်ကုန်များ၏ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

အလားတူ    ပြီးခဲ့သည့်လအတွင်း ဟင်းသီးဟင်းရွက် ဆီဈေးနှုန်းများသည် ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်သည့်အတွက် နှစ်စဉ်ပျမ်းမျှဆီ ဈေးနှုန်းမြင့်တက်မှုမှာ ၆ဝ ရာခိုင်နှုန်းရှိသည်။ မလေးရှားနိုင်ငံအတွင်း လုပ်သားအင်အား ပြတ်လပ်မှုနှင့် အခြားနိုင်ငံများက ဝယ်လိုအား အလွန်များပြားမှုကြောင့်  စားအုန်းဆီ ဈေးနှုန်းမှာလည်းမြင့်တက်လာကြောင်း သိရသည်။