“သက်ရှည်ကျန်းမာနေနိုင်ဖို့ အဆီလျှော့စားကြပါစို့” ဒေါက်တာ ဥမ္မာစော

“သက်ရှည်ကျန်းမာနေနိုင်ဖို့ အဆီလျှော့စားကြပါစို့”

ဒေါက်တာ ဥမ္မာစော

ကျွန်မတို့မြန်မာလူမျိုးများသည် ဆီပြန်ဟင်းကြိုက်ကြသည်။ မနက်စောစော ထမင်း ကြမ်းကို အကြော်လေးနှင့် စားကြသည်။ နေ့လယ်စာ အဆာပြေငါးမုန့်လေးကြော် ၍တစ်မျိုး၊ တိုဟူးခေါက်လေး  ကြော်လို့ တစ်ဖုံ စားတတ်ကြသကဲ့သို့ လက်ဖက်သုပ် လေးစားစား၊ငါးချဉ်လေးစားစား ဆီလေးရွှဲမှ စိတ်တိုင်းကျတတ်ကြသည်။  ကလေး တွေကလည်း   အပြင်သွားလျှင် ကြက်ကြော်၊ အာလူးကြော် စားချင်ကြသည်။

အမှန်မှာ အဆီသည်အစားအသောက်များကို အရသာရှိစေနိုင်သည်သာမက  ခန္ဓာကိုယ် ကြီးထွား  ရန်၊ ခန္ဓာတွင်းဟော်မုန်းများထုတ်လုပ်ရန်နှင့် စွမ်းအင် ပေးနိုင်ရန်အတွက် အရေးကြီးသောဓာတ်ဖြစ်သည်။ သို့သော်   အဆီများများစားသောအလေ့အထမှာ ကျန်းမာရေးနှင့် မည်သို့မျှမကိုက်ညီပါ။  စားလိုက် သောအဆီများကို  အစာလမ်း ကြောင်းမှတစ်ဆင့်  သည်းခြေရည်၊ မုန့်ချိုအိတ်မှထုတ်သော အင်ဇိုင်းများ  အကူအညီ နှင့်ချေဖျက်၍   သွေးတွင်းသို့စုပ်ယူပြီး အသည်းတွင်း၌ ပြန်လည်စုဖွဲ့ကာ  သွေးကြော တွင်း  ပြန်လည်ထုတ်ပေးပြီး ခန္ဓာအနှံ့ပို့ဆောင်စေပါသည်။ စားသော အဆီများသဖြင့် သွေးအတွင်းအဆီများလာခြင်းကြောင့် ခန္ဓာတွင်းရှိ  သွေးကြော နံရံများတွင် အဆီ များစုပုံလာတော့သည်။ ထို့နောက်  ရောင်ရမ်းမှုနှင့် ဆိုင်သော သွေးဖြူဥများ၊ သွေးဥမွှား များ  ဝင်ရောက် ဖွဲ့စည်းကာ  သွေးကြောနံရံများ ထူထဲလာ ရသည်။ ထိုမှတစ်ဆင့် သွေးကြောများတွင် ဖိအားများကာ သွေးတိုးရောဂါ ခံစားလာ ရပြီး နောက်ဆက်တွဲ အနေဖြင့်  နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ မျက်စိထိခိုက်မှုများ  ဖြစ်လာ ပါတော့သည်။

ခန္ဓာကိုယ်တွင်း   သွေးကြောများကျဉ်းလာခြင်း၊ ပိတ်ဆို့လာခြင်း အကျိုးဆက်အနေဖြင့် ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်းကိုခံစားရပြီး ခန္ဓာကိုယ် မသန်စွမ်းခြင်း၊ စကားပြောရခက်၊ အစာမျိုရခက်ခြင်း၊ မှတ်Óဏ်ချို့ယွင်းခြင်းများ ဖြစ်လာရသည်။ သက်ကြီး သတိမေ့ရောဂါ   (အယ်လ်ဇိုင်းမားရောဂါ)သည်  သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ရှိသူများတွင်   ပိုဖြစ် ကြောင်း တွေ့ရသည်။ လေဖြတ်ခြင်းကြောင့် စီးပွား ရေး၊ လူမှုရေးဆိုင်ရာ   ထိခိုက်နစ်နာလာရသည်။ ဆေးသုတေသနစာတမ်းများလေ့လာမှုအရ အဝလွန် ခြင်းသည် လေဖြတ်အန္တရာယ်ကို ၆၄ ရာခိုင်နှုန်းပိုဖြစ် စေကြောင်း တွေ့ရသည်။

နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်းကြောင့်  သွေးငတ်ပြီး   နှလုံးကြွက်သား များပုပ်လာသဖြင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောပန်းခြင်း၊  ရုတ်တရက် နှလုံးအားနည်းခြင်း၊ နှလုံးခုန် မမှန်ခြင်းများခံစားရကာ အသက်ဆုံးရှုံး ရသည်အထိ ဖြစ်နိုင်သည်။ ခြေလက်ရှိ သွေးကြောလေးများကျဉ်းခြင်း၊ ပိတ်ဆို့ခြင်း ကြောင့် လမ်းလျှောက်လျှင် ကြွက်သားများ သွေးငတ်၍ အလွန်နာကျင်ခြင်း၊   အစ ပထမတွင် ခဏနားပြီး ပြန်လျှောက်နိုင်သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ကိုက်ခဲကာ ညိုပုပ်လာသော ခြေချောင်းလေးများကို ဖြတ်ပစ်ရသည့်အဆင့်အထိ ရောက်ရလေတော့သည်။ မျက်စိရှိသွေးကြောငယ် များပိတ်ဆို့ခြင်းကြောင့်   ရုတ်တရက်အမြင်အာရုံ ချို့ယွင်း မျက်စိကွယ်ရသည်အထိဖြစ်နိုင်သည်။

အဆီများများစားခြင်း၏ အကျိုးဆက်အနေဖြင့် သွေးတွင်းအဆီများစုပုံကာ သွေးကြော ဆိုင်ရာ ပြဿနာများ ဖြစ်လာရုံသာမက ဝမ်းတွင်းကလီစာများတွင်း အဆီများစုပုံ  လာခြင်းကြောင့်   သည်းခြေကျောက်တည်ခြင်း၊ အသည်းအဆီဖုံး၊    နှလုံးအဆီဖုံးကာ

ခန္ဓာတွင်းကလီစာများ  ပုံမှန်လုပ်ဆောင်မှုများ မလုပ် နိုင်တော့ဘဲ  အသည်းကြွပ်၊  အသည်းအားနည်း၊ နှလုံးအားနည်းလာရသည်။ ခန္ဓာကိုယ်ဆူဖြိုးလာခြင်း နှင့်အတူ အရေပြားအောက်အဆီများ စုပုံလာခြင်းက သွေးတွင်း အင်ဆူလင်ဟော်မုန်းကို ပုံမှန်ကဲ့သို့ မတုံ့ ပြန်နိုင်ဘဲ ဆီးချိုရောဂါဖြစ်လာနိုင်စေသည်။ ဓာတ်တိုး သဘာဝအရ ခန္ဓာတွင်း ဇီဝကမ္မဖြစ်စဉ်များဖောက်ပြန် ရသကဲ့သို့ သေချာမသိသေးသော အကြောင်း များအရ ရင်သား၊ အူမကြီး၊ သားအိမ်တို့တွင် ကင်ဆာရောဂါ များဖြစ်လာသည်ကို တွေ့ရှိရသည်။ ၂၀၁၂  ခုနှစ်က အမေရိကန်၌ပြုလုပ်သော ဆေးသုတေသနတွင် ကင်ဆာရောဂါစတင်ဖြစ်ပွားသော   အမျိုးသား ၂၈၀၀၀ နှင့် အမျိုးသမီး ၇၂၀၀၀ တို့တွင် ခန္ဓာကိုယ် ဝဖြိုးခြင်းရှိနေကြောင်း တွေ့ရှိရသည်။

၀၀လှလှဟု မြန်မာဆိုရိုးရှိသော်လည်း  ဆူဖြိုး၊  ဗိုက်ရွှဲ၊ မေးနှစ်ထပ်နှင့် ခန္ဓာကိုယ်သည်   ကျစ်လျစ် တောင့်တင်းသောခန္ဓာကိုယ်လောက် ကြည့်မကောင်း နိုင်သလို ကျန်းမာ သက်ရှည်ရန်မလွယ်ပါ။  သွားလာရ မပေါ့ပါးခြင်း၊ ဒူးနာခြင်း၊  စိတ်သွားတိုင်းကိုယ်မပါ၊ စိတ်ကျဝေဒနာများပင် ခံစားရနိုင်သည်။ ခန္ဓာတွင်း ရောင်ရမ်းမှုများအားပေးပြီး  ကိုယ်ခံစွမ်းအားကျစေကာ ရောဂါပိုးများ ပိုမိုဝင်ရောက်ဖြစ်ပွားစေနိုင်သည်။ ခန္ဓာကိုယ် အဝလွန်ခြင်းကြောင့် လည်ပင်းတိုလာခြင်းနှင့်အတူ ညအိပ်စဉ်ဟောက်ခြင်း၊ မကြာခဏ အသက်ရှူရပ်သွားခြင်းနှင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်များ များလာခြင်းကြောင့် သွေးတိုး၊ ခေါင်းကိုက်၊ သွေးပျစ်ရောဂါ၊ ပန်းသေပန်းညှိုးရောဂါများ ခံစား လာရသည်။ အဝလွန်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင် များအနေနှင့် ကိုယ်ဝန်တွင်းသွေးဆိပ်တက်ခြင်း၊ နေ့မစေ့ မွေးဖွားခြင်း၊ သားပျက်သားလျှောခြင်း၊ မွေးဖွားစဉ် ခွဲစိတ်မွေးရန်ပိုလိုအပ်ခြင်း၊  မွေးဖွားစဉ်ပုံမှန်ထက် သွေးသွန်ခြင်း များဖြစ် စေကြောင်း တွေ့ရသည်။ ခွဲစိတ် ရန်လိုအပ်သောရောဂါများ  ဖြစ်လာပါကလည်း ခွဲစဉ်ခက်ခဲခြင်း၊ ခွဲပြီးအနာကျက်ရန်နှင့် နာလန်ထရန် ခက်ခဲခြင်းများ ဖြစ်နိုင်သည်။

အဆီ၏ဆိုးကျိုးများကို အထူးသဖြင့် ပြည့်ဝဆီ များတွင် ပိုမိုတွေ့ရသည်။ ပြည့်ဝဆီ ဆိုသည်မှာ အသား အဆီ၊ အုန်းဆီ၊ စားအုန်းဆီ၊ ထောပတ်၊  ဒိန်ခဲများ ဖြစ်ပြီး ပုံမှန်အခန်းအပူချိန်တွင် အခဲအနေဖြင့် ရှိနိုင် သောအဆီများဖြစ်သည်။ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ သံလွင်ဆီ စသောအစေ့အနှံများ မှရသော အဆီများ၊ ဟင်းရွက်ဆီများသည် မပြည့်ဝ ဆီများဖြစ်သောကြောင့် ကျန်းမာရေးနှင့်   အထိုက် အလျောက်သင့်တော်သည်ဆိုသော်လည်း  အပူပေး လိုက်သောအခါ ဓာတ်တိုး သဘာဝ ဖြစ်ပေါ်လာပြီး ခန္ဓာတွင်းဆဲလ်များကို အန္တရာယ်ဖြစ်စေကာ ခန္ဓာတွင်း ရောင်ရမ်း မှုများဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့် သွေးတွင်း၊  ခန္ဓာတွင်းအဆီများ   ပိုမိုစုပုံခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်လာတော့သည်။ ထပ်ခါထပ်ခါ    ကြော်ချက်ထား သောဆီများသည်   အသွင်ပြောင်းဆီအဖြစ်သို့ပြောင်းကာ ခန္ဓာကိုယ်တွင်း ဒုက္ခပေးမှု များ ပို၍ဖြစ်လာသည်။ ဟင်းရွက်ဆီ များတွင် အိုမီဂါ (၆) များနေခြင်းနှင့် အိုမီဂါ (၃) နှင့်

(၆) မညီမျှမှုသည် ခန္ဓာတွင်းရောင်ရမ်းမှုများ ဖြစ်စေ ခြင်း၊ သွေးခဲလွယ်ခြင်း၊ ကင်ဆာ ပွားစေခြင်းနှင့်အတူ ကိုယ်ခံစွမ်းအား ဖောက်ပြန်သည့်ရောဂါများ၊ ဦးနှောက် အာရုံကြောဆိုင်ရာ  တဖြည်းဖြည်းယိုယွင်းမှုများ ဖြစ်လာစေနိုင်သည်။ မူလသဘာဝ အရ အစေ့အနှံ၊ ဟင်းရွက်အဆီများသည် အန္တရာယ်ကင်းသည်ဆိုငြား မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော အစေ့အနှံများမှထုတ်ယူခြင်းနှင့် ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုသော ဓာတ်ပစ္စည်းများအန္တရာယ်ကြောင့် ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။ ပဲဆီ၊ နှမ်းဆီစစ်စစ်မဟုတ်ဘဲ စီးပွားရေးသမားများက   အမြတ်ကို အလေးထား ရောနှောသောပစ္စည်းများကြောင့်လည်း ကျန်းမာရေးကို ဆိုးရွားစေနိုင် သည်။ တချို့ဟင်းရွက်ဆီများတွင် ပါဝင်မှုများသော  အယ်ဒီဟိုက် ဓာတ်များကြောင့် နောင်တစ်ချိန်တွင် နှလုံးရောဂါ၊  ကင်ဆာရောဂါနှင့် မှတ်ဉာဏ်ချို့ ယွင်းရောဂါများ ဖြစ်စေကြောင်း တွေ့ရသည်။ ဆီဖြင့်ချက်ပြုတ်ကြော်လှော် စားသုံးခြင်းကြောင့် ထွက်လာသော အညှော်နံ့များသည် လေထုညစ်ညမ်းမှုဖြစ်စေပြီး ပတ်ဝန်းကျင်ရှိ အပင်လေးများ၊ အကောင်ငယ်လေးများကို အဆိပ်အတောက်ဖြစ်စေသည်။ မြန်မာများက အညှော်နံ့ကြောင့်  အနာများ ကျက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေသည်ဟုလည်း  ယူဆကြသည်။

ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါတို့ သည်  ကမ္ဘာ့လူသားအားလုံးအတွက် အဓိက အသေ အပျောက်အများဆုံးသောရောဂါဖြစ်ပြီး  ထိုရောဂါ များသည် အဆီစား များခြင်း၊  အဝလွန်ခြင်းတို့နှင့်ဆက်စပ်လျက်ရှိကြောင်း အထက်၌ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆီလျှော့စားပြီး ခန္ဓာကိုယ်အလေးချိန်လျှော့ချ  နိုင်ပါက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ များဖြစ်ခြင်းကို ကာကွယ်နိုင်ကြောင်း တွေ့ရသည်။ အဆီစား၍ အသား မဖြစ်ဆိုသော မြန်မာစကားပုံအရ အရသာကောင်းစေသည်မှတစ်ပါး အပြစ်ကအကျိုး ထက်ပိုများ စေသော  အဆီကို လျှော့၍စားသုံးကြရပါမည်။ အစားအသောက်  ပုံစံကို ဆီကျန်ရေ ကျန်များချက်စားခြင်း၊  အကြော်အလှော်ကို  တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ အသုပ်  များတွင်လည်း ဆီလျှော့ထည့်ကာ ပြုတ်၍စားသော နည်းကို ပိုမိုကျင့်သုံးပြီး ကျန်းမာ သော အစားအသောက် အလေ့အထကို ပြောင်းလဲလိုက်နာကြရပါမည်။ အစာ လည်းဆေး၊ ဆေးလည်းအစာဟူသော စကားအရ မိမိကျန်းမာရေးကို  အထောက် အကူမပြုနိုင်သော အဆီကို လျှော့၍စားသုံးခြင်းဖြင့်  ကျန်းမာလှပသော

ဘဝကိုပိုင်ဆိုင်ကာ အသက်ရှည်ရှည်နေသွားနိုင်မည် ဖြစ်ပါသည်။   ။