ဆီးချိုသွေးချိုနှင့်အမြင်အာရုံ

ကမ္ဘာပေါ်မှာ ဆီးချိုသွေးချိုလူနာဟာ ၂၀၁၀ ပြည့်နှစ် မှာ၂၈၅ သန်းရှိကာ ၂၀၃၀ ပြည့်နှစ်မှာ နှစ်ဆတိုးလာနိုင်ကြောင်း ခန့်မှန်းထားတယ်။ တစ်ကမ္ဘာလုံးဖြစ်ပွားမှု မြင့်မားလှပြီး ယခင်ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မြင့်တက်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တရိပ်ရိပ် တက်လာတယ်။ လူနေမှုပုံစံ ပြောင်းလဲကာ အနောက်နိုင်ငံရဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာတယ်။ စင်စစ်ဆီးချိုသွေးချိုဟာ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းလို့ဖြစ်ပေါ်လာတဲ့ သွေးအတွင်း အချိုဓာတ်များတဲ့ ရောဂါဖြစ်တယ်။

ဆီးချိုသွေးချိုရောဂါ မျိုးရိုးရှိသူများ၊ အဝလွန်ကဲသူများ၊ ကိုယ်ကာယ လှုပ်ရှားမှုနည်းသူများ၊ သွေးအတွင်း အဆီဓာတ်များသူများ၊ သွေးတိုးရောဂါရှိသူများနဲ့ အသက် ၄၀ ကျော် အမျိုးသမီးများ ဖြစ်နိုင်ပါတယ်။ မျက်စိရောဂါက ဆီးချိုကြောင့် အမြင်အာရုံဆုံးရှုံးစေတဲ့  အရေးကြီးရောဂါတွေမှာ တစ်ခုဖြစ်တယ်။ ဆီးချိုရဲ့ ရောဂါလက္ခဏာတွေက ရေငတ်ခြင်း၊ ဆီးများမကြာခဏသွားခြင်း၊   ကိုယ်အလေးချိန်ကျကာ ပိန်ခြင်း၊ ကိုယ်လက်ယားယံခြင်း၊ အင်္ဂါစပ် နားယားယံခြင်း၊ အနာကျက် ခဲခြင်း၊ အမျိုးသမီးအဖြူဆင်းခြင်း၊ ဆီးသွားတဲ့နေရာမှာ ပုရွက်ဆိတ်အုံနေတတ်ခြင်း၊ ခြေလက်တွေ တုန်နေတတ်ခြင်း၊ ခြေလက် ဖောရောင်ခြင်းတို့ဖြစ်တယ်။

အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်လို့ ဆီးချိုသွေးချိုရှိ၊ မရှိ၊ သွေးအတွင်းသကြားဓာတ်များ၊ မများကို သွေးဖောက်စစ်မှသိနိုင်တယ်။ ဆီးအတွင်း သကြားဓာတ်ရှိ၊ မရှိစမ်းသပ်ရုံနဲ့မရပါဘူး။ အစား အစာစားသောက်ခြင်းဟာ သွေးတွင်းသကြားပမာဏကို ပြောင်းလဲစေတယ်။ ဆီးချိုသွေးချိုမှာ အစာမစားမီ ၁၂၆ မီလီဂရမ်ရာခိုင်နှုန်း၊ ကြုံကြိုက်တဲ့အချိန် သွေးအတွင်းအချိုပမာဏ ၁၇၅-၂၀၀ မီလီဂရမ်ရာခိုင်နှုန်း အထက်ရှိရင် ဆီးချိုသွေးချိုဟုခေါ်ဆိုနိုင်တယ်။ သာမန် ၇၅-၁၇၅ မီလီဂရမ် ရာခိုင်နှုန်းရှိရမယ်။ ဆီးချိုသွေးချို သေချာအောင် နံနက် ၆ နာရီမှာ ရေမသောက်၊ အစာမစားဘဲ အစောဆုံး သွေးဖောက်စစ်ဆေးရင် ၅ ဒသမ  ၇ ရာခိုင်နှုန်းအောက်  ရှိဖို့လိုပါတယ်။ ၅ ဒသမ ၇ ရာခိုင်နှုန်းထက်ပိုရင် ဆီးချိုသွေးချိုရောဂါလို့ သတ်မှတ်နိုင်ပြီဖြစ်တယ်။

သွေးအတွင်း အချိုဓာတ်ကို သွေးဖောက်စစ်ဆေးတဲ့ အချိန်ကာလရှိ သွေးအတွင်း အချိုဓာတ်ပမာဏ ကိုသာ  ဖော်ပြနိုင်ပြီး ကျန်တဲ့အချိန်မှာ အချိုဓာတ်ပမာဏ များလွန်းခြင်း၊ နည်းလွန်းခြင်းကို မဖော်ပြနိုင်ဘူး။ ဟေမိုဂလိုဘင်အေဝမ်းစီကို တိုင်းတာခြင်းဟာ သုံးလအတွင်း  သွေးချိုပမာဏ ထိန်းထားခြင်းရှိ၊  မရှိ သိနိုင်တယ်။ သွေးနီဥရဲ့သက်တမ်းဟာ ရက်ပေါင်း ၁၂၀  ရှိတာကြောင့် သုံးလအတွင်း ဆိုလိုခြင်းဖြစ်တယ်။ မစားသုံးသင့်တဲ့အစာတွေက သကြား၊ နို့ဆီ၊ ကော်ဖီမစ်၊ တီးမစ်၊ အိုဗာတင်း၊ မိုင်လို၊ ဟောလစ်၊ အိုက်ခရင်၊ အချိုရည်ဘူးများ၊ ထန်းလျက်၊ ကြံသကာ၊ မလိုင်ပါတဲ့ အစာများ၊ ချိုတဲ့အသီးများ၊ ပြည့်ဝဆီနဲ့ အုန်းဆီအမျိုးမျိုးတို့ဖြစ်တယ်။ စားသုံးသင့်တဲ့အစား အစာတွေက ဆန်နဲ့ပြုလုပ်တဲ့ အစားအစာ၊ ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာ၊ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက်များ၊ အသားမှာ ငါးအမျိုးမျိုး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ အဆီမပါ စားသောက်နိုင်သော ဘဲသား၊ ကြက်သား(အရေခွံမပါ)နဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပင်လယ်ငါးမှရတဲ့ အဆီစားသုံးနိုင်ပါတယ်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါမှာ အမြင် အာရုံဆုံးရှုံးစေတဲ့ အရေးကြီးရောဂါ တစ်ခုပါဝင်ပါ တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေက မြင်လွှာကိုထိခိုက်နိုင်တဲ့ရောဂါ၊ အတွင်းတိမ်၊ ရေတိမ်၊ မျက်စိသွေးကြောပိတ်ဆို့မှုကြောင့် အမြင်အာရုံထိခိုက် ရောဂါတို့ဖြစ်တယ်။ ဆီးချိုကြောင့်  အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ဖို့ နည်းလမ်းတွေရှိပါတယ်။ ဆီးချိုသွေးချိုကို ကောင်းမွန်အောင် စနစ်တကျ ကုသထိန်းသိမ်းသင့်တယ်။ သွေးပေါင်ချိန် သာမန် ၁၂၀/၈၀ မီလီမီတာရှိသင့်တယ်။  ဆေးလိပ်၊ ကွမ်းဖြတ်ရမယ်။ မျက်စိမှန်မှန်စစ်ဆေးရမယ်။ လိုအပ်တဲ့ကုသမှုခံယူရပါမယ်။ ဆီးချိုရောဂါ ရှိသူတိုင်း မျက်စိမှန်မှန် စစ်ဆေးသင့်ပါတယ်။ အချိန်မှန်မှန် မျက်စိစစ်ထားခြင်းက ဆီးချိုသွေးချိုရောဂါ ကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေကို ဆောလျင်စွာသိရှိနိုင်ပါတယ်။ ထိရောက်တဲ့ ကုသမှုပေးရင် အမြင်အာရုံဆုံးရှုံးမှုကို လျော့စေပါတယ်။

အမျိုးအစား(၁) ဆီးချိုသွေးချိုအတွက် ရောဂါရှိကြောင်း စသိချိန်မှ ၃-၅ နှစ်အတွင်းနဲ့ ဆီးချိုအမျိုး အစား(၂)မှာ ရောဂါရှိတယ်လို့ စတင်သိရှိတဲ့အချိန်နဲ့ နှစ်စဉ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက် အတိုင်း မှန်မှန်စစ်ဆေးသင့်ပါတယ်။   ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုရောဂါအတွက်  ကိုယ်ဝန် ၂၈ ပတ်မှာ စစ်ဆေးသင့်တယ်။ မျက်စိစစ်ဆေးနိုင်တဲ့နေရာတွေက မျက်စိစစ်ဆေးခြင်းကို  မျက်စိ အထူးကု ဆေးရုံကြီးများ၊ မျက်စိအထူးကု ဆရာဝန်ရှိ ဆေးရုံ၊ ဌာန၊ ဆေးခန်းတို့မှာ စစ်ဆေး နိုင်ပါတယ်။ မျက်စိစမ်းသပ်စစ်ဆေးရင် အဖော်တစ်ဦး ခေါ်လာဖို့လိုပါတယ်။ သူငယ်အိမ် ကျယ်လာစေဖို့ မျက်စဉ်းခတ်ပေးရမယ်။ ရေတိမ်ရှိရင် မျက်စဉ်းခတ်ပါက ပိုမိုဆိုးလာနိုင်လို့ ဆရာဝန်၊ ဆရာမတွေကို ကြိုတင်အသိပေးဖို့လိုပါတယ်။ သည့်နောက်မှာ ခေတ်မီ မျက်စိစစ်ဆေးတဲ့စက်တွေနဲ့ အမြင်လွှာကို ဓာတ်ပုံရိုက် စစ်ဆေးပေးရမှာဖြစ်တယ်။ မျက်စိစမ်းသပ်စစ်ဆေး တဲ့ရလဒ်ကိုမူတည်လို့ ခြောက်လ သို့မဟုတ် တစ်နှစ်မှာ မျက်စိပြန်စစ်ဆေးဖို့ သို့မဟုတ် မျက်စိအထူးကုနဲ့ ပြကာ ကုသမှုတွေ ဆက်လက်ခံယူဖို့ ဆောင်ရွက်ရမှာဖြစ်တယ်။

မျက်စိစစ်ဆေးလို့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ မျက်စဉ်းခတ်ပြီး နာရီအနည်းငယ်ခန့် မျက်စိဝါးနေ တယ်။ မျက်စိစမ်းသပ်တဲ့နေ့မှာ ကိုယ်တိုင်ကားမမောင်းဖို့၊ အနည်းဆုံးအဖော်တစ်ဦး  ခေါ်လာဖို့ လိုတယ်။ ဆီးချိုမထိန်းနိုင်ရင် အမြင်အာရုံဆိုးရွားစွာ ပြောင်းလဲနေမယ်။ ဆီးချိုရောဂါကြောင့် မြင်လွှာဗဟိုမှာ ဆံခြည် သွေးဥနေမှာဖြစ်တယ်။ အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ဖို့ ဆီးချိုသွေးချိုကို စနစ်တကျထိန်းသိမ်းကာ မျက်စိအထူးကုဆရာဝန်နဲ့ ကုသသင့်တယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေက ဦးနှောက်သွေးကြောပိတ်ကာ လေသင်တုန်းဖြတ်ခြင်း၊ မျက်စိ ကွယ်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ အာရုံကြော မျက်စိထုံကျဉ်ခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ရောဂါပိုးမွှား မကြာခဏဝင်ရောက်ခြင်း၊ အနာကျက်ဖို့ခဲယဉ်းခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲ ဆင့်ပွားကြောင့် မိခင်နဲ့ကလေးရဲ့ကျန်းမာရေးအသက် အန္တရာယ်ထိခိုက်နိုင်ခြင်း တို့ဖြစ်ကြတယ်။ ဆီးချိုသွေးချိုကို အမြစ်ပြတ်အောင်မကုသနိုင်ပါဘူး။ ဆရာဝန် နဲ့ပြသကာ ဆီး၊ သွေးမှန်မှန်စစ်ဆေးဖို့လိုတယ်။ ဆေးကုသမှုခံယူပြီး စနစ်တကျ နေထိုင်စားသောက်လိုက်ရင် သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

ဆီးချိုသွေးချို ရောဂါသည်တို့ လိုက်နာဖို့ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်နဲ့ပြသပြီး လမ်းညွှန်ချက် တိတိကျကျလိုက်နာကာ ဆီးချိုစနစ်တကျ ထိန်းသိမ်း ဖို့လိုအပ်ပါတယ်။ အစားအစာနဲ့ဆေးဝါးကို အချိန်ကိုက်ပြီး စားသုံးသင့်ပါတယ်။ မက်ဖော်မင် ၅၀၀ မီလီဂရမ်နဲ့ ဂလိုင်ဇင် ၄၀ မီလီဂရမ်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ခြင်းက မက်ဖော်မင်ယဉ်ပါးမှုကို ရှောင်ရှားနိုင် မှာဖြစ်ပါတယ်။ ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ လုံးတီးဆန်၊ အသီးအရွက်သုပ် တစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက် လောက်ဟာအဆင်ပြေနိုင်တယ်။ အချိုစားသုံးမှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။ ဟင်းသီးဟင်းရွက်၊ ငါး၊ အဆီမပါတဲ့အသားများစားနိုင်ပါတယ်။  စားသုံးဖို့ မသင့်တဲ့ အချိုကဲတဲ့ အစာရှောင်သင့်တယ်။ မျက်စိကို ခြောက်လတစ်ကြိမ်ပြသင့်တယ်။ ထိခိုက်ရှနာ၊ ဒဏ်ရာ ဖြစ်ရင် ဂရုစိုက်ကုသသင့်ပါတယ်။

သွေးထဲမှာ သကြားဓာတ်များရင် အန္တရာယ်ရှိသလိုသကြားဓာတ်နည်းလွန်းရင်လည်း အန္တရာယ်ရှိ နိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှင်တို့အနေနဲ့ မစားသင့်တဲ့ အစားအစာကိုစားသုံးရင် သွေးအတွင်း သကြား ဓာတ်လွန်ကဲ များပြားနိုင်သလို စားနိုင်တဲ့အစာတွေ လုံလုံလောက်လောက် မစားရင်လည်း သွေးအတွင်း အချိုဓာတ်ကျဆင်းကာ သတိလစ်မေ့မြောခြင်း၊ အသက်အန္တရာယ်ရှိခြင်းထိ ဖြစ်လာနိုင် လို့ သတိပြု ဆင်ခြင်ဖို့လိုပါတယ်။ ဆီးချိုဆေးကို နံနက်စာမစားမီနဲ့ ညစာမစားမီ နာရီဝက်အကြာ သောက်ပြီးမှ သို့မဟုတ် အစာစားသောက်ပြီး နာရီဝက်ကြာမှ သောက်ပေးသင့် ပါတယ်။  ။