ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၃၈၂ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၃၈၂ ဦး ထပ်တိုး

နေပြည်တော် အောက်တိုဘာ  ၁၂

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ  ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်    ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၁-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီ မှ (၁၂-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၉၉၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ   ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၈၂ ဦး တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅၃၈၅၆၃ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၈၁၂၃ဝ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၆၂၃ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၃၄ဝ၈ဝ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၆ ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၁၈၈ ဦးရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ စနစ်တကျ စည်းကမ်းလိုက်နာ မှု၊ ဌာနဆိုင်ရာ အသီးသီးမှ  ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ပိုမိုလျော့နည်းလာစေရေး အတွက် ပြည်သူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ယခုထက်ပိုမို  ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက် အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။