နေပြည်တော်ရှိ  အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ရှိ  အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်  အောက်တိုဘာ  ၁၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်  ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို  သွားရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈)အခြေခံပညာ အထက်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို အားပေး ကြည့်ရှုပြီး ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ကာကွယ်ဆေး ထိုးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များ ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲများရှိပါက အမြန်ဆုံးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြောကြားကာ လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေး မထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ် ဆေးထိုးပြီးပါက  ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြား ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။

ထိုမှတစ်ဆင့်    ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဒေါက်တာမောင်မောင်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်း     အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် အသက် ၁၂ နှစ် ပြည့်ပြီးသည့် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ  မြန်မာတစ်နိုင်ငံလုံးမှ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ယူနေသူ ကျောင်းသား၊ ကျောင်းသူ အားလုံးကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံ ပေးသွားမ ည် ဖြစ်ကြောင်း သိရသည်။