အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမ

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်    အောက်တိုဘာ  ၁၃

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Video Conferen-cing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီးတွင်လည်းကျင်းပနေကြကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အနေ ဖြင့် ကမ္ဘာတွင် နှစ်စဉ်ပိုမိုကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားပြီး ထိရောက်စွာ စီမံခန့်ခွဲလျှော့ချနိုင်ရန် အတွက် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်ထိ (၁၀)နှစ်တာကာလကို အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The International Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးသက်သာရေးလုပ်ငန်းများ ကို ကမ္ဘာ့နိုင်ငံများအားလုံး ပိုမို တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုကဲ့သို့ ဆယ်စုနှစ်သတ်မှတ် အကောင်အထည်ဖေါ်ဆောင်ရွက်နေသော် လည်း  ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံရမှုများသိသာစွာလျော့နည်းသွားမှု မရှိသည့်အတွက် ဆယ်စုနှစ်အစီအစဉ် အကောင်အထည်ဖေါ်နေဆဲကာလ ဖြစ်သည့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ပထမဆုံးအကြိမ် ကမ္ဘာ့ညီလာခံကိုကျင်းပပြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါးရေးတို့နှင့်ပတ်သက်သည့် ယိုကိုဟားမား မဟာ ဗျူဟာ နှင့် လုပ်ငန်းစီမံချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊
 
၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံ ယိုဂိုမြို့တွင် ကျင်းပခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅)ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် တတိယအကြိမ် ကမ္ဘာ့ညီလာခံကနေ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)ကိုလည်းကောင်း အသီးသီးရေးဆွဲ အကောင် အထည် ဖော်ခဲ့ကြပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် ယိုဂိုမူဘောင်နှင့် ဆန်ဒိုင်း မူဘောင်ပါလုပ်ငန်းစဉ်များ  နှင့်အညီ နိုင်ငံ၏ရေမြေသဘာဝနှင့် တည်ရှိမှုအနေ အထားများအရ  ဖြစ်ပွားလေ့ ရှိသည့် ဘေးအန္တရာယ်များကို  မိမိတို့တွင်ရှိသည့် အရင်းအမြစ်များနှင့် လိုက်လျော ညီထွေသော လုပ်ငန်းစီမံချက်များ၊ ဖွဲ့စည်းဆောင်ရွက်မှုများဖြင့် စီမံခန့်ခွဲအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို (၂၀၁၀)ပြည့်နှစ်ကစပြီး နှစ်စဉ် မပျက် ကျင်းပခဲ့ပါကြောင်း၊ ကျင်းပသည့်အခါတွင် ဦးတည်ကဏ္ဍများ၊ လုပ်ငန်း နယ်ပယ်များအလိုက် နှစ်စဉ်သတ်မှတ်ထားသည့် ဆောင်ပုဒ်များအတိုင်း ကျင်းပခဲ့ ပြီး ယခုနှစ်အခမ်းအနားအတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “ဒို့ကမ္ဘာမြေ ကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာပူးပေါင်းစို့” “Only together..Can we save the planet!” ဖြစ်ပါကြောင်း။

ယင်းဆောင်ပုဒ်သည် ကမ္ဘာ့နိုင်ငံအားလုံး သဘောတူလက်ခံပြီး ကျင့်သုံး အကောင်အထည်ဖော်နေသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၏ ပန်းတိုင် (၇) ခုအနက် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ရမည့် ပန်းတိုင်(၆) (Target F)ဖြစ်သော ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတော်အဆင့် လုပ်ငန်းဆောင်ရွက်မှုများသို့ လုံလောက်သောထောက်ပံ့မှုများကို ပေးနိုင်ရန် အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ၂၀၃၀ ပြည့်နှစ်အရောက် ပိုမို တိုးမြှင့်ဆောင်ရွက်သွားရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်အကောင်အထည်ဖော် ရေးနှင့်အညီ သတ်မှတ်ထားသည့်ဆောင်ပုဒ်ဖြစ်ပါကြောင်း။
 
ယင်းဆောင်ပုဒ်နှင့်အညီ ယခုနှစ်အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ် ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ် ကျရောက်နိုင် ခြေ နှင့် ဖြစ်ပွားနိုင်ခြေများပြားပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေမြင့်မားသည့် နေရာဒေသများ၊ သက်ရှိ၊ သက်မဲ့များ၊ သဘာဝပတ်ဝန်းကျင်များ ကို ဖျက်ဆီးခံရမှု၊ ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေး နိုင်ရန်၊ လျော့ပါးစေရန်အတွက် ပြီးခဲ့သည့်ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး ကျယ်ပြန့်သည့် အသိပညာဖြန့်ဝေမှု လုပ်ငန်းစဉ်ကြီး ဖြစ်ထွန်းလာရေးကို ရည်မှန်းပြီး ဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။
 
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပေါ်ပေါက်လာသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကြားက  ဆောင်ရွက်နေသည့် အမျိုးသားအဆင့်၊ ရပ်ရွာလူထုအဆင့် ဘေး အန္တရာယ် လျော့ပါးရေးလုပ်ငန်းများတွင် နိုင်ငံတကာကူညီထောက်ပံ့သူများ၊ အဖွဲ့အစည်းများအနေနှင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ပူးပေါင်းဆောင် ရွက်မှ ကောင်းမွန်တိုးတက်သည့် ရလဒ်ကောင်းများ ရရှိနေသည့်အဖွဲ့အစည်းများ ကိုလည်း စံနမူနာပြုဖေါ်ထုတ်ပေးရန် အစီအမံများကို မြှင့်တင်လိုသည့် ရည်ရွယ် ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း။
 
၂၀၀၈ ခုနှစ်က  တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်မုန်တိုင်းသည် မိမိတို့နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုသမိုင်းကြောင်းတွင် အဖျက်စွမ်းအား အကြီးမား ဆုံးနှင့် အာရှဒေသတစ်ခုလုံးတွင်လည်း ၁၉၉၁ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အဖြစ် မှတ်တမ်းတင်ခဲ့ရသည့် ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသာဓက တစ်ခုဖြစ်ပါကြောင်း။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်လေ့ လာရေးစသော ကမ္ဘာမြေထိန်းသိမ်းရေးကိစ္စရပ်များကို တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာမြေထိပ်သီးအစည်းအဝေး (World Earth Summit) စသော ညီလာခံများ၊ အစည်းအဝေးများကို စဉ်ဆက်မပြတ်ကျင်းပခဲ့ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (Climate Change Convention)၊ ကျိုတို သဘောတူစာချုပ် (Kyoto Protocol)၊ Bali Roadmap ၊ ပဲရစ်(စ်) သဘောတူညီချက် (Paris Agreement) အစရှိသည့် စာချုပ်များ၊ သဘောတူညီချက်များ များစွာ ထွက်ပေါ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစုက လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း။

ကမ္ဘာမြေထိန်းသိမ်းမှုနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံး နိုင်ခြေလျှော့ချရေး လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက် ၍ ရသည့် လုပ်ငန်းများမဟုတ်ဘဲ နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ လူတစ်ဦး တစ်ယောက်ခြင်းစီတိုင်းက နယ်ပယ်အလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ကမ္ဘာလုံးအတိုင်းအတာ၊ နိုင်ငံတစ်နိုင်ငံခြင်းစီ၏ အတိုင်းအတာအလိုက် မျှော်မှန်းထားချက်များကို ပေါက်ရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းထားချက် ပန်းတိုင်(၇) ချက် (7 Global Targets) အနက် ယခုနှစ်၏ပန်းတိုင်သည် ကမ္ဘာကြီးတည်တံ့ရန် နှင့် သက်ရှိ၊ သက်မဲ့များကို ဘေးအန္တရာယ်များ၏ ထိခိုက်ခံရမှုကနေ လျှော့နည်း သက်သာစေရန်အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ရန်၊ အထူးသဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီ ရေး အဖွဲ့အစည်းများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့ကူညီလုပ်ဆောင် ပေးရန်ဆိုသည့် ပန်းတိုင်ကို သတ်မှတ်ထားပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယင်းပန်းတိုင် နှင့် လိုက်လျောညီထွေစွာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက်နေကြသည်ကို အထင်အရှား တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
 
မိမိတို့နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကပ်ရောဂါဘေးများ၊ သဘာဝဘေးများ၊ လူသားများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာရသည့် ဘေးအန္တရာယ်များ စသည့်ဘေးအမျိုးမျိုး၏ ထိခိုက်နိုင်မှုများကို လျှော့ချဆောင်ရွက်ကြရာတွင် ရရှိနိုင်မည့် ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ကို အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိဌာန၊ အဖွဲ့ အစည်းများအနေဖြင့် အထူးအလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊  ဌာန၊ အဖွဲ့ အစည်း အချင်းချင်း အပြန်အလှန် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား အချင်းချင်းချိတ် ဆက်မှု၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား အပြန် အလှန် ချိတ်ဆက်မှုများ ခိုင်မာအားကောင်းမည်ဆိုပါက မိမိတို့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းယန္တရား စဉ်ဆက်မပြတ် လည်ပတ်နိုင်ပြီး မျှော်မှန်းထားသည့်အတိုင်း ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ထွန်းလာနိုင်မည်ဖြစ်သည့်အတွက် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်  တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက်  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂရုံး အကြီးအကဲ တို့ထံမှ ပေးပို့သည့် သဝဏ်လွှာ (Video Message)များကိုပြသသည်။ ဆက်လက်ပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နှုတ်ခွန်းဆက်စကားပြောကြား ပြီးနောက် ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ခင်းကျင်းပြသထားသည့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းစာအုပ်များ၊ အသိပညာပေးလက်ကမ်းစာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။